ဒါကြောင့်မို့ အင်္ဂလန်ကနေ ပြန်ပြေးလာကြတာကိုး။ စာရှည်ပေမယ့် သေချာအစအဆုံး ဖတ်သင့်တယ်။

“တာဝန်ယူမှု တာဝန်ခံမှုများ ပျောက်ဆုံးနေသေးသော Covid-19 နှင့် UK ဆေးလောက”

မြန်မာနိုင်ငံမှာ Fever clinic တွေ ပိတ်ရေး ဖွင့်ရေး/PPE. လုံလောက်ရေး /စက်ရုံတွေ ဖွင့်ရေး ပိတ်ရေး စသဖြင့် မရေရာမှုတွေ နဲ့ ရှုပ်ထွေးနေသလို ဒီမှာ (UK) လည်း တော်တော်များများဟာ မရေရာ မသေချာတွေပါပဲ မရေရာမှုတွေ ကြားထဲမှာမှ UK မှာ တာဝန်မယူမှု တာဝန်မခံမှုတွေပါ တွဲပါလာပါတယ်။

Topic တခုကို UK စံနှုန်း အရ ကြည့်ကြပါစို့ (မြန်မာနိုင်ငံ စံနှုန်းနဲ့ နှိုင်းယှဉ်ကြည့်နိုင်အောင်ပါ)

> UK မှာ Covid positive ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဘယ်တော့ အလုပ်ပြန်ဆင်းကြရမှာလဲ

သေချာတာတော့ မသေမှပေါ့နော်။ ထားတော့။ survive ဖြစ်သွားတယ်ဆိုရင် ဘယ်အချိန် အလုပ်ပြန်တက်ရမယ်နဲ့ ပတ်သတ်ပြီး occupational heath guideline တွေက trust (ဆေးရုံ)တခုနဲ့ တခု မတူပါဘူး။

အရင်လုပ်ခဲ့တဲ့ UK North west region ကဆေးရုံတခုရဲ့ Guideline က Fever free 5 days တဲ့။ လက်ရှိလုပ်တဲ့ ဆေးရုံ(North East region) ဆို Fever free 2 days တဲ့။ တချို့ဆေးရုံတွေက တပတ်ပေါ့လေ။

ပြီးတော့သေချာ emphasis လုပ်ပြီးပြောတယ်နော် Covid positive နဲ့လည်း အလုပ်တက်လို့ရပါတယ် တဲ့။ Negative ဖြစ်စရာမလိုပါဘူးတဲ့ symptom သက်သာရင်(သူတို့ပြောတဲ့ symptom က Fever ပဲနော်, ချောင်းဆိုးတာကို ပြောတာမဟုတ်ဘူး။တ ခြား ကိုက်တာခဲတာ နုန်းတာ မဆိုလိုဘူး) ပြန်စစ်ပေးဖို့ negative swab 2 ခေါက် ဖြစ်မှ အလုပ်ဆင်းဖို့ဆိုတာ ဒီမှာ နတ်သမီး ပုံပြင်အလားပါ။

ပြသနာက အဲ့မှာ စတာပဲ။

Covid ဖြစ်ထားတဲ့ ကျန်းမာရေးဝန်းထမ်းတွေ အလုပ်ပြန်တက်ကြပါပြီတဲ့ ။ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့အတွက်(ဆရာဝန် သူနာပြု) သူတို့ တစ်ယောက် စီတိုင်း တနေ့တနေ့ ကြည့်ရှုစောင့်ရှောက်ရမယ့် လူနာတွေ (အနည်းလေး ၄/၅ ၁၀ )လောက် ကြည့်ရပါတယ်။

သူနဲ့ အလုပ်အတူတူလုပ်မယ့် လုပ်ဖော်ကိုင်ဖတ်တွေ Lunch time တွေ တူတူ ထမင်းစားဖြစ်ကြမယ် သတင်းတွေ အာလူးဖုတ်မယ် ။ covid ဖြစ်တုန်းက ဘယ်လို ခံရတာ ဘာညာ ပြောကြမယ်။Doctor office ခပ်ကျဉ်းကျဉ်းမှာ 2 -3 feet တောင် ခြားဖို့ ခက်နေကြမှာပါ။ စဉ်းစားသာကြည့်ကြည့်ကြပါ ဘယ်လိုဖြစ်ကြမလဲဆိုတာ။

ဘယ်မှာလည်း တာဝန်ယူမှု တာဝန်ခံမှု။ အစားဝင်ပြီးစဉ်းစားကြည့်ပါ။ လူနာကိုယ့်ကြောင့်ကူးတော့ ဘယ်လိုလုပ်မလဲ။ ကူးရုံမဟုတ် သေသွားတာမျိုးဆိုရင်ရော။ ဘယ်သူတာဝန်ယူပေးမှာလဲ။

ကိုယ့် colleague ကိုယ့်ကြောင့်ကူးတော့ ဘယ်လိုလုပ်မလဲ။ ဘယ်သူ့ကို အပြစ်တင်မလဲ ။ positive သမား ကလည်း သူအဖျားကျလို့ Rule အရ အလုပ်လာပြန်တက်ခိုင်းရင် တက်ရမှာပဲလေ ။

oncall တွေဆင်းကြ တော့front Line worker အဖြစ် ပိုးတွေလိုက် ဖြန့်နေကြရင်ရော ဘယ်လိုလုပ်မလဲ ၊ ဘယ်သူတာဝန်ခံ ။ ဘယ်သူ တာဝန်ယူမှာလဲ ။

(Surgical mask တော့ တပ်မှာပဲလေ ဒါပေမယ့် ဘယ်လောက်ထိ အာမခံနိုင်မလဲ Positive သမား ဆရာဝန် သူနာပြုက လူနာကို ပိုးမကူးစေပါဘူးလို့) အဲလို အစဆွဲထုတ်မိရင် မြန်မာက မိတ်ဆွေများ အားတက်နိုင်ဖွယ်ရာ UK က အခြေအနေလေးတွေ မျှဝေချင်ပါတယ်။ ငါတို့ဂရုစိုက်ခံရသားပဲဆိုပြီး ဝမ်းသာနိုင်အောင်ပါ။

ပိုးစစ်တာက စရမှာပါ။ UK မှာ ပုံမှန်ပြည်သူများ (ကျန်းမာရေးဝန်ထမ်းမဟုတ်) ချောင်းဆိုးလို့ ဖျားလို့ ကတော့ ကားကြီးနဲ့ လာခေါ်ခံရဖို့ Q မိဖို့ ဝေဘာဂီ ခေါ်ခံရဖို့ နေနေသာသာ အဖက်တောင် အလုပ်မခံပါဘူးနော်။

သူတို့က covid Hotline လုပ်ပေးထားတယ် ။111 တဲ့။ ဆက်ကြည့်ပါ။1 နာရီလောက် ဖုန်းကိုင်ပြီး Automatic response တွေနဲ့ပဲ 1 ကို နှိပ်ပါ။ 2 ကို နှိပ်ပါနဲ့ ဝင်ကဘာထဲ ဝင်နေရသလို မလွတ်မြောက်နိုင်သလို ဖြစ်သွားပါမယ်။ (Flu vaccine အကြောင်းတွေ လျှောက်ပြောလို့ပြော)

နေမကောင်းလို့ စိတ်ကမရှည် ကြရတဲ့အထဲ ဘာမှ အကူအညီ မပေးပါလားဟာဆိုပြီး ဂွက်ခနဲပြန်ချချင်သွားမယ်(ရောဂါဆိုးတဲ့ အချိန်ဆို အသက်သာထွက်သွားမယ် covid hotline 111 က ပြန်ဖြေဖို့ မမြင်) UK မှာအလုပ်လုပ်တဲ့ Philippine Nurse တယောက် Home မှာ Found dead ဖြစ်သွားတာ အဲလိုတွေကြောင့်လည်းပါနိုင်ပါတယ်)
နောက် မျှော်လင့်ချက်တခုအနေနဲ့ Register လုပ်ထားတဲ့ GP ကို အားကိုးမယ်။GP ကများ စာနာကူညီနိုင်မလားပေါ့ ။ GP ကလည်း ဒီအချိန် Fever / cough /covid symptom ဆိုလို့ကတော့ sorry ပါနော် တံခါးကြီး ၈ထပ်ပိတ်ထားပါလိမ့်မယ်။ GP ကိုဖုန်းဆက်ပြီး အသနားခံကြည့်လည်း 111 ကို ဆက်ပါတဲ့ သူတို့ဆီမှာ swab တချောင်းမှ မပေးထားပါ . ဂွက် … ခနဲ ချပါတယ်နော်

လမ်းတွေ လွှတ်ပျောက်နေပါလိမ့်မယ်။ ကြံရာမရ တဲ့ အဆုံး အကြံကုန် ဂဠုန်ဆားချက်ပေါ့ ။ ဆေးရုံကို ဖုန်းဆက် ကြည့်ပါ။ သူတို့ က စစ်ပေးဖို့ ဝေးဆွ ခြောက်ပါး အေးမြယောကျာ်း အရေးပေါ် ရောဂါသည်းလို့ Oxygen တွေဘာတွေလိုလို့ ဆေးရုံတက်ရမယ့် လူနာကျမှ စစ်ပေးတာပါ ဆေးရုံမှာ isolated ward ကိုတင်မှာလား Normal ward ကို တင်ရမှာလား ခွဲခြားချင်လို့ အဓိက ပါ။

လူကြီးမင်းအတွက် Feverလေး cough လေးဖြစ်လို့ Covid ဟုတ်လား မဟုတ်လား အတွက်တော့ ကန်တော့ ဆွမ်းပါ တခွန်းပဲ ပြန်ပြောတာ ခံရပါမယ် “PLEASE STAY AT HOME “ ပါတဲ့ ။ ကိုယ်က အထွန့်တက်မိရင် နောက်တခွန်းထပ်ပြောပေးကြလိမ့်မယ်။ “Call 111” ဘယ်တော့မှ ပြန်မဖြေတဲ့ Hotline 111 လေ။

ဒါ့ကြောင့် ကျန်းမာရေးဝန်ထမ်းမဟုတ်တဲ့ ရိုးရိုးပြည်သူတွေ(နံမည်ကျော်တွေတော့ ပါဘူးပေါ့ကွယ်) full blown symptom တွေရှိတောင် လူကြီးမင်းကို အဖက်လုပ်ပြီး ဘယ်သူမှ ကားကြီးနဲ့ လာခေါ်တာတို့ Swab ကို တခုတ်တရ စစ်ပေးတာတို့ ပိုးတွေ့လူနာနဲ့ အဆက်အစပ်ရှိသူတွေ အကုန်ခေါ်ပြီး Q လုပ် စစ်ပေးတာ ပိုးတွေ့လူနာတိုင်း ဝေဘာဂီ ဆေးရုံကြီးပေါ်မှာ တင်ကျွေး တင်ကု ပေးထားတာမျိုး ၊ပြီးတော့ ရှယ် အလိုလိုက်ပေးတာမျိုး(နဖာကလော်လိုချင် နဖာကလော်) ဘုရားစူး မရှိရပါဘူးနော်။ (Fridge တို့ microwave တို့ မျက်နှာပြောင်တိုက် တောင်းတတ်သူများကိုလည်း အံ့သြပါရဲ့)

Full blown Symptoms တွေ (လည်ချောင်းနာ ၊ဖျား ၊ ချောင်းတအားဆိုး၊ ကိုက်ခဲ၊နုန်းချိ ၊ ခေါင်းကိုက်၊ အစားမစားနိုင် ၊ အရသာပျက် ၊ အနံ့ မရ ၊ ဝမ်းလည်း ပျက်လိုက်အုန်း ၊ရင်ဘတ် က တချက် တချက် ကြပ်တပ်တပ်ကြီး ဖြစ် )ဒါတွေ အပြည့်ရှိပါတယ် လို့ ကြိုက်သလောက် အော် Facebook မှာ public နဲ့ Status တွေတင် ဖုန်း တွေ အပေါ်ကလို ပတ်ခေါ် ။ မြန်မာနိုင်ငံမှာလို ဂရုစိုက်ခံရမယ် မမှတ်နဲ့ ။Swab တောင် မစစ်ပေးဘူး။

ဒီနေရာမှာ ကျန်းမာရေးဝန်ထမ်းကတော့ စစ်ရတော လွယ်တယ်။ occupational health ဆိုတာရှိတယ်။ သူတို့ကို phone ဆက်ရင် swab လာယူဖို့ appointment ပေးပါလိမ့်မယ်။

ကဲ အမယ်မင်း ကံကောင်းထောက်မစွာဖြင့် Yayyyy !Swab စစ်ခွင့်ရတယ် ဆိုအုန်း.. ပိုးစတွေ့ ပြီဆို တာနဲ့ ပြည်သူပဲ ဖြစ်ဖြစ် ကျန်းမာရေးဝန် ထမ်းပဲ ဖြစ်ဖြစ် Stay at home ပဲ။ အသက်ရှု တော်တော် ကြပ်ချင်းမရှိ Oxygen ကျချင်းမရှိ လေ တဖျောင့်တည်း စကားပြောနိုင်သမျှ ဆေးရုံမလာရ။(တော်တော် မမောမချင်းကို ဆိုလိုတာပါ)

Secondary experience အရ တခု ကောက်နှုတ်ရရင်.. Chest pain နဲ့ အဆုတ်မှာ (crackles ) အသံတွေကြားပြီး Pneumonia (အဆုတ်ရောင် ရောဂါ)ရလို့ အရေးပေါ်ဆေးရုံကား ခေါ်တာတောင် Paramedics တွေ လာတော့ကြည့်ပါတယ်။

Can speak in full sentence ( လေတဖျောင့်တည်း စကားပြောနိုင်လို့ Oxygen မကျလို့ ဆေးရုံမခေါ် ဓာတ်မှန်တောင် ခေါ်မရိုက်ပေး) ဓာတ်မှန်လောက် အရိုက်ခံချင်ရင် ရုပ်ရှင်ထဲက သေခါနီးအခန်းတွေ မှာလို လေကို မနည်းလုရှူ စကားတခွန်းနဲ့ တခွန်း အားတင်းပြီး လေ မဆက်ပဲပြောနိုင်အောင်လေ့ကျင့်ထားကြလျှင်ကောင်းမည်။ ဒါမှ ဓာတ်မှန်လေးတော့ အမြတ် ရိုက်ခံရတာ ပေါ့။

ကဲ ခုကျ တော့ လေ မဆက် အောင် စကားမပြောနိုင်လေတော့ pneumonia လည်း အိမ်မှာ ကုကြပေါ့ ပိုဆိုးလာလား ပိုကောင်းလာသလားလည်း မသိရ ။ နတ်မျက်စိနဲ့ မန်းမှုတ်ပြီးပဲ ကုရမလား။ ဝေဘာဂီက သင်းအုပ်ဆရာပဲ ပင့်ရမလားပေါ့နော်။ Buddha ဘာသာဆို မိမိယုံကြည်ရာ ရတနသုတ် ဘောဇဉ်သုတ်တွေ ဖွင့်ပေါ့နော်။(ဒီနေရာမှာ ဘာသာရေး မပြောလိုပါ)

ဒါပေမယ့် လက်တွေ့အရ ကုဖို့ ဆေးလိုတယ်လေ။ ဆေးရုံက မခေါ် GP ကလည်း အလာမခံ ဆိုတော့ ဆေးဆိုင်က over the counter drug မရောင်းဘူးလေ (ဘယ် Antibiotic မှ မရပါ). Paracetamol တောင် Customer တယောက်ကို တခါဝယ် 6 လုံးလောက်ပါတကဒ်ပဲ ရောင်းတာပါနော်။ (အကန့်အသတတ် ခွဲတမ်းနဲ့ပါ) ၁ ရက်နဲ့ တပိုင်း သို့မဟုတ် ၂ရက်လောက်ပဲ သောက်လို့ရမယ်။

အဲ့တော့ ဒီ pneumonia အတွက် ဆေးဘယ်မှာရှာရပါမလဲ ကံကောင်းထောက်မစွာ မြန်မာပြည်က စုဆောင်းလာတာလေးတွေ ရှိရင် အားကိုးလို့ရပါမယ်။။ augmentin , clarithromycin, Covid နိုင်တဲ့ဆိုတဲ့ Azithromycin ဆေးတွေပေါ့ (ဒီနေရာမှာ viral pneumonia ဆိုပေမယ့် Antibiotic သောက်တာ Effective ဖြစ်ကြပါတယ်နော်-ဥပမာ Virus ရဲ့ နောက်ဆက်တွဲ Secondary bacterial infection ရတာမျိုးပေါ့)

ကိုယ့်မှာ underlying Asthma (ပန်းနာရင်ကြပ် အခံ) သို့ COPD အဆုတ်ပွ အခံတွေ ရှိရင်တော့ ဒီရောဂါအခံတွေ ထနိုင်မှာစိုးလို့ GP နဲ့ Ambulance ချိတ်ဆက်ပြီး Doxycycline လို ပိုးသတ်ဆေးမျိုး
အိမ်တံခါးဝလာ ချပေးတတ်ကြပါတယ်။

အဲလိုမှ မဟုတ်ရင်တော့ Paracetamol နဲ့ Vitamin C (over the counter medication) ကလွဲလို့ ဘာမှကို သောက်စရာမရှိပါ။ ဆေးမှ မပေါ်သေးတာနော်။ မိမိ ကိုယ်ခံအားစနစ် (Immune system )ကိုပဲ အားကိုးရပါတယ်နော်။

အခက်အခဲတွေက ဆေးတင်ပဲလား No ပါ။ နေခိုင်းတော့ ->Stay Home မလုပ်ခိုင်းတာက – > panic buying အဲတော့ ချက်ဖို့စားဖို့ ခက်ပြီပေါ့ ။ အရင်ဝယ်ထားတာတွေ ကုန်မှာပဲလေ ။ တပတ်နဲ့သက်သာမလား နှစ်ပတ်နဲ့သက်သာမလား မသိမှ မသိကြရတာ။ positive ကြီး ရောဂါ Active ကြီးနဲ့တော့ အပြင်ထွက်မဝယ်သင့်ကြဘူးလေ။ အဲ့တော့ ချစ်သောမိတ်ဆွေ တွေက သူတို့ချက်ထားတာလေးတွေ တံခါးပေါက်မှာ လာလာ ချပေးကြရတာပေါ့။ ဟင်းစားတွေ ဝယ်ပြီးလာချပေးသွားကြရတာပေါ့

တကယ်က ဟင်းချက်ဖို့ မပြောနဲ့ ပါးစပ်ထဲရောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေကြတာပါ။ လျှာက အရသာ ပျောက်သွားတတ် ကြလို့ ပါ။ ဘယ်လောက်ငန်ငန် မသိတော့လို့ ။ သူငယ်ချင်းတယောက်ဆို ဟင်းချက်နေတုန်း ဘယ်လို မြည်းမြည်းပေါ့တယ် ဆိုပြီး ဆားဘူးပါလောင်းချလိုက်မှ စားလို့ ရတဲ့ အနေအထားကို ရောက်သွားတာ တဲ့ (ဘုရားဘုရား Covid. နဲ့ မသပေဲ သွေးတိုးပြီး လေ ဖြတ်နေမှဖြင့်)

Food Delivery တွေ နေ့တိုင်းမှာစားကြရပါတယ်။ တလုတ်ဝင်ဝင် နှစ်လုတ်ဝင်ဝင် မောင်းတင်ပြီး ပါးစပ်ထဲရိုက်သွင်းနိုင်မှလေ။ ပိုက်ဆံဆိုတာ လူသေရင် အလကားပဲလေ။ ကုန်ပစေ မှာသာစားပါဆိုပြီး အားရှိအောင် စားခြင်းဖြင့် ရောဂါကို ပြန်ခုခံနိုင်ရပါမယ် ။ ရေလည်း ဝင်သလောက် များများသောက်ကြရပါတယ်။ အဖျားတက်တာရော အစားပျက်တာရောနဲ့ Dehydration ရေဓာတ်ခန်းခြောက်ပြီး Acute renal failure ကျောက်ကပ်ပျက်တတ်လို့ပါပဲ။

နောက်တခုက Temperature နဲ့ Oxygen တိုင်း တဲ့စက်။ BP တိုင်းတဲ့ စက်။ Privileged country မြန်မာနိုင်ငံကလို ဆေးရုံ ကုသမှု မခံရကြလေတော့ (ဒီ တခါ ပြောရတာ အရသာအတော် ရှိသွားပြီ- ထပ်ပြောမယ်နော် Privileged country မြန်မာနိုင်ငံလို ) ဆေးကုသစောက်ရှောက်မှုမခံရလေတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ BP , Oxygen, Tempture. တိုင်းတဲ့စက်တွေကို online က အမြန် Delivery နဲ့ ဈေးကြီးပေးမှာကြရပါတယ်။ကိုယ့်ဘာသာ parameters တွေ vital signs တွေ ။တရက် ၂ ခါ ရအောင် အမိအရတိုင်းကြရပါတယ်။ ဒါကလည်း လိုအပ်ပါတယ်။ လေ့လာချက်တွေအရ Hypoxia can occur even without Dyspnoea အမောမဖောက်ပဲနဲ့တောင် oxygen ကျတတ်ပါတယ်တဲ့ ။ အဲဒါကြောင့် ကိုယ်က မော မနေတောင် oxygen တိုင်းသင့်ပါတယ်။
ကဲ တော်တော်လည်းရှည်နေပြီ ဖြစ်သဖြင့် နိဂုံးချုပ်ပြောရရင်…

ဗမာဘယ်နှစ်ယောက်မှ မရှိတဲ့ (လက် ၁၀ ချောင်း မပြည့်တဲ့) England ရဲ့ district ဆေးရုံသေးသေးလေးတခုထဲမှာတောင် ဗမာ ဆရာဝန် Positive confirmed 6 ယောက် ရှိပါပြီ။ (confidentiality အရ အမည် မေးခြင်းသီးခံပါနော်)

မြန်မာနိုင်ငံမှာနေခွင့်ရှိသော လူကြီးမင်းတို့ အနေနဲ့ ကိုယ့်နိုင်ငံက မရှိမဲ့ရှိမဲ့ ကြားထဲက သူမတူအောင် လုပ်ပေးနေပါလားဆိုတာ သတိချပ်မိဖို့ပါ။ (စေတနာ အမှား စေတနာလွန်ကဲ-စိုးရိမ်စိတ်တွေများပြီးFull PPE GP ကို Q ဝင်ခိုင်းတာတွေတော့ ကွကို speak up လုပ်ကြပေါ့နော်-လုပ်သမျှ တော့ အကုန်မှန်တယ်လို့ မပြောပါ) At least, You are taken care.

ကိုယ့် မှာ ပိုးတွေ့ရင်တောင် ပျော်ပျော်ရွှင်ရွှင် လိုက်သွားကြပါ။ စိတ်ချလက်ချ အကုသ ခံကြပါ( UK မှာ ပိုးလေးစစ်ပါရစေ စစ်ရဖို့တောင် ပင်လယ်ထဲမှာလို ဘယ်သောင် ဘယ်ကမ်း မမြင်ပါ။ဝေးကွာနေကြရပါတယ်၊ရောဂါဆိုးရွားလို့ ဆေးရုံတက်ရတဲ့ လူနာမျိုးကလွဲလို့ပေါ့)

မြန်မာနိုင်ငံမှာ ခုလိုစစ်ခွင့်ရ ကုသမှု ခံယူခွင့်ရတာ ကံကောင်းတယ် လို့ မှတ်လို့ရပါတယ်။

အရပ်ကလည်း ပိုးတွေ့သူ /သံသရရှိသူတွေကို စုန်းမကြီး ရွာပြင်ထုတ်ခံရလို မျက်လုံးစိမ်းတွေနဲ့ မကြည့်ကြပါနဲ့။ နားလည်ကြပါ စာနာကြပါ၊ မေတ္တာဝေငှပေးကြဖို့ လိုပါတယ်။ ကိုယ်လည်း တစ်နေ့ သူ့နေရာ ရောက်နိုင်တာပဲ ဆိုတာ ကိုယ်ချင်းစာကြစေချင်ပါတယ်။ Q ဝင်ဖို့ လာရောက် ခေါ်ဆောင်တဲ့ ကျန်းမာရေး အုပ်ချုပ်ရေး အဖွဲ့ အစည်းတွေကလည်း လိုအပ်တာထက် ပိုတဲ့ အာဏာတွေသုံးပြီး ရာဇဝတ်သားလို ဖမ်းဆီးခေါ်ဆောင်ကြတယ်လို့ စိတ်မကောင်းစွာ ကြားရပါတယ်။ covid ဟာ သေမင်းတမန်နဲ့တော့ ထပ်တူမကျပါ။ 80% ပြန်ကောင်းပါတယ်။ အပြုသဘော ဆောင်ပြီး မေတ္တာရှေ့ထား ဆောင်ရွက်ကြရင် ပိုပြီး ကောင်းမွန်တဲ့ လူ့ဘောင် အဖွဲ့ အစည်းဖြစ်လာကြမယ်လို့ ယုံကြည်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ ပိုးတွေ့တာနဲ့ ပတ်သတ်လို့လည်း မြန်မာနိုင်ငံမှာ positive ဖြစ်ထားဖူးတဲ့ ဆရာဝန်နဲ့ကုရင်တောင် သူနှစ်ခါ negative ထွက်လို့ (clear ဖြစ်ထားလို့ )ကိုယ့်ကို လာကုသပေးလို့ရနေတာလို့ မှတ်ပါ နော်။ UK မှာလို ငါကုနေတဲ့ ဆရာဝန်က positive ဖြစ်လျက်ကြီးနဲ့ လာကုနေတာလား ဆိုပြီးသံသယပွား ကြောက်စရာ မလိုပါဘူးနော် ။

Stay Home ဆိုတာလေးကို အရမ်းတွေ လမ်းပျောက် ငရဲခံနေသလို ဖြစ်နေကြရရှာတဲ့ မိတ်ဆွေများရှိရင် UK မှာလို Stay home က နေ Found dead at home တော့ ဖြစ်စရာမလိုဘူးဆိုတာ သိနိုင်ပါစေ။ ဖြေသိမ့်နိုင်ကြပါစေ မိမိတို့ ရရှိနေသော privilege (အခွင့်ထူး)ကို သိရှိခံစားနိုင်ကြပါစေလို့ ဆုတောင်းရင်း…

Dr ပန်းခက်ဆင့် (UK)

Post a Comment

Previous Post Next Post