ရန်ကုန်မြို့က Quarantine နေရာအချို့မှာ အလှူရှင်တွေ မရှိတာကြောင့် စောင့်ကြည့်လူနာတွေဆီကနေ နေ့စဉ်စားစရိတ်အနေနဲ့ တစ်ဦးကို ငါးထောင်ကျပ်နှုန်းနဲ့ ကောက်ခံနေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ COVID-19လူနာတွေနဲ့ ထိတွေ့ဆက်စပ်မှုရှိခဲ့သူတွေကို ရန်ကုန်တိုင်းအစိုးရအနေနဲ့ ကမာရွတ်မြို့နယ်အတွင်းက TTC ကျောင်းဝင်း၊ လှိုင်မြို့နယ်က မြတ်လေးဆောင်၊ အမရာဆောင်၊ ရာမညဆောင်၊မင်္ဂလာဒုံမြို့နယ် ဓမ္မရဝေတောရကျောင်းတိုက် တွေကို စီစဉ်ထားပေမယ့် စားသောက်ဖို့ စရိတ်ကတော့ အလှူရှင်တွေက လှူဒါန်းပေးနေရတာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က Duwun ကိုပြောပါတယ်။
လက်ရှိ အမရာဆောင်၊ သံပျင်ဆောင်တို့မှာ လှူဒါန်းမယ့်သူမရှိတာကြောင့် လာနေတဲ့သူဆီကနေ စားသောက်စရိတ်တစ်ဦးကို ငါးထောင်ကျပ်နှုန်းနဲ့ ကောက်ခံနေရတယ်လို့လည်းဆိုပါတယ်။

“စားဖို့ကတော့ အစိုးရဘက်ဂျက်မဟုတ်ဘူး။ အလှူရှင်တွေနဲ့သွားနေရတာ။ လက်ရှိအမရာဆောင်မှာဆို အလှူရှင်မရှိတော့ လာနေတဲ့သူတွေဆီကနေ စားဖို့ဆိုပြီး ငါးထောင်ကောက်တာပေါ့။ ဒီနေ့ စောင့်ကြည့်လူနာသစ်တွေထားမယ့် သံပျင်ဆောင်မှာလည်း အလှူရှင်မရှိဘူး။ အဲဒီမှာနေရတဲ့သူတွေက ပေးရတာပေါ့။ ဒါကို တစ်ချို့တွေကလည်း မတတ်နိုင်တော့ အခက်အခဲတွေ ဖြစ်တာပေါ့။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

“ အစိုးရက နေရာပဲပေးတာ။ မကျွေးထားဘူး။ စားချင်တယ်ဆိုရင်လာပို့တဲ့သူမရှိဘူးဆိုရင် အပြင်က ထမင်းဆိုင်တွေနဲ့ ချိတ်ပြီး လုပ်အားပေးလုပ်တဲ့သူတွေက ဝယ်ပေးတာပေါ့။ ကျွန်တော်တို့က မိသားစုဝင် ၁၅ ယောက်ဆိုတော့ ၂၁ ရက်အထိ ဆိုရင် မတတ်နိုင်ဘူးပေါ့။ ကျွန်တော်တို့ကျတော့ မိတ်ဆွေတွေက ထမင်းချိုင့်လာပို့ပေးတာတွေ ရှိပါတယ်” လို့ ကိုနေဗလက သူရဲ့ Quarantine အတွေ့အကြုံကို ပြောပြပါတယ်။

လက်ရှိမှာတော့ ရန်ကုန်တိုင်းအတွင်းက Quarantine နေရာတွေမှာ အလှူရှင်တွေရဲ့ အကူအညီနဲ့ပဲ စောင့်ကြည့်လူနာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေရတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်ဦးနေဘုန်းလတ်က ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ Facility Quarantine နေရာပေါင်း ၂၂ နေရာရှိနေပြီး အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ ၁၃၆၁ ဦးရှိနေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအချက်အလက်တွေအရသိရပါတယ်။

Credit Duwun

Post a Comment

Previous Post Next Post