“ကျုပ်တို့ နိုင်ငံမှာ ပေါ့စ်တစ်လူနာဆိုရင် ဆေးရုံကို ခေါ်ထားပြီး အခမဲ့ကုပေးနေတာ”
ကျွန်တော် ပြောတဲ့ စကားကို ကြားတော့ နယ်ခံ အမေရိကန်ကြီးက အံ့အားသင့်သလို မျက်နှာပေးနဲ့ မျက်ခုံးပင့်ပြီး ကြည့်တယ်။
ယူအက်စ်မှာ ကူးစက်ခံရသူ လူသစ်စာရင်းက တရက်ကို ၂ သောင်းနှုန်း ဝန်းကျင်ကနေ ကျမသွားသေးတာ လနဲ့ကို ချီလာပြီ။
ဒါဟာ ပိုစစ်နိုင်လို့ ပိုတွေ့တာလို့ သမ္မတက ခဏခဏ ကြွားလုံး ထုတ်တယ်။ ဒါပေမယ့် Very little death ဆိုတဲ့ စကားကတော့ ကြားရတာ နင့်ခနဲပဲ။
နေ့စဉ် လူထောင်ချီ သေနေရတာလေ။
ပိုပြီး စစ်ဆေးပေးလာနိုင်တာကတော့ ဟုတ်ပါတယ်။
အခုဆိုရင် မြို့အတော်အများများမှာ Covid-19 test area တွေ ပိုပြီးတော့ များများစားစား ရှိလာနေပြီ။ ဒီတော့ ကူးစက်ခံရသူ ခပ်များများ တွေ့နေရဆဲ ဖြစ်နေတာဟာ ပိုစစ်ပေးနိုင်လို့ တွေ့တာလို့ ပြောတာဟာ အမှားတော့ မဟုတ်ဘူး။
သို့သော် ပေါ့စ်တစ်တွေကို ဘယ်လို ဂရုစိုက်ပေးသလဲ ဆိုတာကတော့ အဖြေပဲ။
သိနေ မြင်နေရသလောက်တော့ ပေါ့စ်တစ် လူနာနဲ့ ပတ်သက်ပြီး နောက်ကြောင်းကို လုံးဝ နီးပါးကို မလိုက်ဘူး။ အခုဆိုရင်တော့ ပိုဆိုးသွားပြီ။ ဘယ်လိုမှကို မလိုက်နိုင်တော့ဘူး။
ဟိုးအစပိုင်း ပထမဆုံး လူနာတွေ့တယ် ဆိုတုန်းက လိုက်သလား မလိုက်သလား မသိရလို့ မပြောလိုဘူး။
အခုအချိန်မှာ သူတို့က လာအစစ်ခံသူတွေထဲက ပေါ့စ်တစ်တွေ့ရင် အဲဒီလူကို ဖုန်းဆက်အကြောင်းကြားတယ်။ ဘယ်ကိုမှ လျှောက်မသွားဖို့ မှာတယ်။ အိမ်မှာပဲ နေပြီး အခြေအနေဆိုးလာရင်တော့ ဆေးရုံကို သွားဖို့ မှာတယ်။ ကျန်းမာရေး အာမခံ ရှိထားဖို့နဲ့ မရှိခဲ့ရင် လှမ်းအကူအညီတောင်းနိုင်ဖို့ ဖုန်းနံပါတ်ပေးတယ်။
ဒီလောက်ပဲ။
ပေါ့စ်တစ် လူနာဟာ အိမ်ထဲမှာပဲ နေနေတာလား၊ အပြင်လျှောက်သွားနေသေးလား၊ သူ့ရဲ့ နေ့စဉ် ကျန်းမာရေး အခြေအနေက ဘယ်လိုလဲ ဆိုတာ တော်ရုံမသိနိုင်တော့ဘူး။
တလောက မိတ်ဆွေ ကရင်အကိုကြီး တယောက် ပြောပြတာ… ဒီလို။
“ငါ့သူငယ်ချင်း မိသားစု သူတို့ တအိမ်သားလုံး လူလေးယောက်လုံး ကူးကြတယ်။ အခုတော့ ပြန်ကောင်းသွားပြီ။ ဒီလိုပဲ အိမ်ထဲမှာနေပေါ့။ စားစရာကုန်တော့ သွားထွက်ဝယ်စား၊ အဖျားတက်တော့ ဆေးသောက်”
“ဟင်၊ ပေါ့စ်တစ် လူနာက အပြင်ထွက် ဈေးဝယ်တာလား”
“အေးလေ၊ မဝယ်လို့ သူတို့ကို ဘယ်သူမှ ကူမယ့်လူမှ မရှိတာ”
ယူအက်စ်မှာ ပေါ့စ်တစ်တွေတွေ ပြန့်ချင်သလို ပြန့်နေရခြင်းရဲ့ အကြောင်းတရားတွေထဲက တခု။
ဒီလိုတွေ နေ့စဉ်မြင်တွေ့နေရတဲ့အခါ ကျွန်တော့်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အမိမြေ မြန်မာနိုင်ငံရဲ့ ကိုဗစ်နဲ့ ပတ်သက်ပြီး ကိုင်တွယ်ပုံတွေကို အင်မတန်မှကို အားရကျေနပ်တယ်။
မြန်မာပြည်မှာက Positive လူနာတင်မဟုတ် စောင့်ကြည့်ခံရတဲ့သူတွေကိုပါ အစိုးရကရော ကူညီတဲ့ အဖွဲ့အစည်းတွေ၊ ဆရာတော်တွေကပါ အရမ်းဂရုစိုက်ကြတယ်
“လူနည်းနေလို့ အဲဒီလို လုပ်ပေးနိုင်တာ” လို့ ပြောမလား။ ပြောချင်ပြောနိုင်တာပေါ့။
လူနည်းကတည်းကိုက အဲဒီလို လုပ်ခဲ့လို အခုလိုပဲ လူဆက်နည်းနေတာလို့ ပြောရင် ဘာပြန်ပြောမလဲ။ မြန်မာဟာ ပိုးတွေ့ လူနာကို နောက်ကြောင်းလိုက်တဲ့ နေရာမှာ သူ့အင်အားနဲ့သူတော့ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။ အခုထိလည်း လုပ်နေဆဲပဲလို့ကို မြင်တယ်။
ချွင်းချက်တွေကိုမှ လိုက်ပြီး ကပ်သပ် ပြောနေသူတွေကိုတော့ ထားလိုက်ကြတာပေါ့။
ကပ်ဘေးက တကမ္ဘာလုံး ရင်ဆိုင်နေရတာပါပဲ။
နိုင်ငံဆင်းရဲတာ ချမ်းသာတာတွေထက် ပြည်သူကို မေတ္တာထားပုံ ဘယ်လိုကွာတယ် ဆိုတာ မြင်နေရတာနဲ့တင် မြန်မာနိုင်ငံသား မြန်မာနိုင်ငံဖွား ဖြစ်ရတာ ဂုဏ်ယူဖို့ ကောင်းလှတယ်။
“အခမဲ့ ကုပေးတယ်၊ ဟုတ်လား??”
“ဟုတ်တယ်ဗျ”
“နေပါဦး၊ အဲဒါ ဘယ်နိုင်ငံလဲ”
“မြန်မာဗျ၊ မြန်မာနိုင်ငံ၊ ကျုပ်ကို အဲဒီ နိုင်ငံမှာ မွေးတာ”
ဖြေရတာ ဘယ်လောက် အရသာရှိတယ် မှတ်လဲ။
***
ချစ်ခြင်းမေတ္တာဖြင့်…
ကလိုစေးထူး
မေလ ၂၃ ရက်၊ ၂၀၂၀ ခုနှစ်။
ဒေသစံတော်ချိန်၊ မနက် ၁၁ နာရီ ၁၅ မိနစ်။
Post a Comment