(Unicode)

တရားမဝင်နယ်စပ်ဂိတ်များမှ ဝင်လာသည့် ပြည်တော်ပြန်များရှိလာသည့်အတွက် လွတ်ထွက်မသွားစေရန် ကြိုးစားဆောင်ရွက်နေရကြောင်း မြဝတီမဲဆန္ဒနယ် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က မြန်မာတိုင်းမ်သို့ အတည်ပြုပြောကြားသည်။ “ဒါကတော့ စိုးရိမ်စရာရှိပါတယ်။လူတစ်ရာနီးပါးလောက် တရားမဝင် နယ်စပ်ဂိတ်တွေကနေ လွတ်ထွက်သွားမှာ စိုးရိမ်မိတယ်။အဲဒီ လွတ်ထွက်သွားတဲ့ သူတွေမှာ positiveလူနာဖြစ်လို့ရှိရင် contact ဖြစ်နိုင်တယ်။ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက စိုးရိမ်သလို ကျွန်တော်တို့လည်း စိုးရိမ်ပါတယ်။အတတ်နိုင်ဆုံးတော့ လွတ်ထွက်မသွားအောင် ဌာနဆိုင်ရာတွေအားလုံး ကြိုးစားပြီး ဆောင်ရွက်နေပါတယ်”ဟု ဦးသန့်ဇင်အောင်က ပြောသည်။



မေ ၁ရက်က မြဝတီတရားမဝင်နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသူ ၃၅ဦးအထိရှိခဲ့ပြီး ၎င်းတို့ကို သက်ဆိုင်ရာ ဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကျန်းမားရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ Quarantine center များသို့ ပို့ဆောင်ပေးခဲ့သဖြင့် ပြဿနာတစ်စုံတစ်ရာမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ “နိုင်ငံတော်အစီအစဉ်နဲ့မဟုတ်ဘဲ မိမိအစီအစဉ်နဲ့ နယ်စပ်ကနေဝင်လာမယ်ဆိုရင်လည်း report လုပ်ပြီးမှဝင်မယ်ဆို စမ်းသပ်စစ်ဆေးလို့ ရတယ်။အဲဒီလိုမှမဟုတ်ဘဲ ခိုးပေါက်လို နေရာမျိုးတွေက ဝင်လာခဲ့မယ်၊ ပိုးလဲရှိနေမယ်ဆိုရင်တော့ ကျွန်တော်တို့အဲဒီလိုအခြေအနေမျိုးကို စိုးရိမ်ပါတယ်။”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။



အဆိုပါ တရားမဝင်ဝင်ပေါက်များမှ ဝင်လာသူများသည် တရားမဝင်ခိုးဝင်လာသူများမဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြန်ချိန်နောက်ကျခြင်း ၊တရားဝင်ဂိတ်များပိတ်ထားချိန်မှ ရောက်ရှိလာသည့်အခြေအနေများကြောင့်ဖြစ်ကြောင်း ဦးသန့်ဇင်အောင်က ဆိုသည်။ “ကျွန်တော်တို့ကတော့ တရားဝင်ဂိတ်ကနေပဲ လက်ခံပေးနေတာဖြစ်တဲ့အတွက် တရားဝင်ဂိတ်တွေကနေပဲ ပြန်လာစေချင်တယ်။ တရားဝင်ကျန်းမာရေးစောင့်ရှောက်မှုပေးချင်တယ်။တကယ်လို့ ဘေးပေါက်ကနေဝင်လာမယ် positiveဖြစ်မယ် ဆိုရင် မိသားစု ၊သက်ဆိုင်တဲ့သူတွေ၊ နိုင်ငံတွင်းက ပြည်သူတွေကိုပါ ကူးစက်ခဲ့မယ်ဆိုရင် အလုပ်တွေရှုပ်မယ့်အပြင် စိုးရိမ်မှုရှိလာနိုင်တဲ့အတွက် ပြန်လာဖို့အခက်အခဲတွေရှိတယ်ဆိုရင်လည်း သံရုံးကိုအကြောင်းကြားပြီး တရားဝင်ဝင်ပေါက်ကနေပဲ လာဖို့တိုက်တွန်းချင်ပါတယ်။ကျွန်တော်တို့ကြိုဆိုရေးတွေနဲ့ စနစ်တကျလက်ခံဆောင်ရွက်ပေးနေပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။



ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများကို မေလ ၁ရက်တွင် ထပ်မံလက်ခံခဲ့ပြီး မေလ ၁ရက်မှ လက်ရှိအချိန်ထိ ၄၃၀ဝ ဝန်းကျင်အထိ လက်ခံဆောင်ရွက်ပေးခဲ့သည်။ ဝင်ရောက်ခဲ့သည့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေထိုင်သူများကို မြဝတီမြို့ရှိ Quarantine စခန်းများတွင် ထားရှိစောင့်ကြည့်ခဲ့သည်။ ကျန်သည့် ပြည်ပမှဝင်ရောက်သူများမှာမူ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဒေသအလိုက် ပြန်လည်ပို့ဆောင်ပေးမှုစာရင်းအရ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးဖြစ်သည်။



“ပြည်တော်ပြန်တွေကို ကြိုဆိုဖို့၊ လိုအပ်တဲ့ ကျန်းမာရေးလုပ်ငန်းတွေကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်ဖို့၊ သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်တွေကို ခရီးဆက်နိုင်ရေးစီစဉ်ဖို့ တာဝန်တွေက ကရင်ပြည်နယ်အစိုးရပေါ်မှာ အများဆုံးကျပါတယ်။ ပြည်နယ်အစိုးရသာမက၊ ပြည်သူတွေကပါ၊ စိတ်ပါလက်ပါ လုပ်ဆောင်နေကြတာတွေ့ရတော့ အင်မတန် အားတက်မိပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေလအတွင်းကပင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားထားသည်။



မေလ ၂၄ရက်နှင့်၂၅ရက်(၂)ရက်တာအတွင်း ထိုင်းနိုင်ငံနယ်စပ်မှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသည့် ပြည်သူပေါင်း(၂၀ဝဝ) ကျော်ရှိခဲ့ပြီး ယင်းသို့ အလုံးအရင်းနှင့်ပြန်လာကြမည်ကို ကြိုတင် ခန့်မှန်းထားပြီးဖြစ်၍ အစီအစဉ်များလည်း လုပ်ထားပြီးဖြစ်ကြောင်း၊ မူလက မေလဆန်း၌ ပြန်လာကြမည်ဟု ခန့်မှန်းခဲ့သော်လည်း ထိုင်းနိုင်ငံ၌covidကို အကြောင်းပြုပြီး ချမှတ်လိုက်သည့် ကန့်သတ်ချက်များကြောင့် ပြည်တော်ပြန်များ အလာနောက်ကျသွားရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ Covid နှင့်ပတ်သက်သည့် စီမံကိန်းများချမှတ်ရာ၌ ရေတိုအဖြေတစ်မျိုးတည်းကို ကြည့်ခြင်းမဟုတ်ဘဲ ရေရှည်အတွက် နိုင်ငံ၏ကျန်းမာရေး၊ စီးပွားရေး၊လူမှုရေး လိုအပ်ချက်များသာမက၊ နိုင်ငံရေးဦးတည်ချက်များကိုပါ မျက်ခြေမပြတ်ကြည့်ရန်လိုကြောင်း ၎င်းက ထည့်သွင်းရေးသားခဲ့သည်။


#mmtimes

(Zawgyi)


မြဝတီမြို့မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား ရန်ကုန်မြို့ အောင်မင်္ဂလာကားဝင်း၌ COVID-19 ကာကွယ်ရေး အချက်အလက်များစုဆောင်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ပေးနေသည်ကို မတ် ၂၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- အီးပီအေ










#mmtimes

Post a Comment

Previous Post Next Post