သနားလိုက်တာဆရာမကြီးရယ်ရှေ့တန်းမှာကျဆုံးသွားတာကို မသိရတဲ့မိသားစုတွေအတော်များမယ်ထင်တယ်😢

အိမ်မက်မဟုတ်ခဲ့

မြန်မာစကားပုံမှာ သေသောသူကြာရင်မေ့၊ ပျောက်သောသူရှာရင်တွေ့။ အခုတော့ ၁၉၇၅ခုနှစ်၊ဇန်နဝါရီလ(၂၅)ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း ပွိုင့်၆၃၀၃မှာ ဒဏ်ရာရပြီး ပွိုင့်၆၆၁၄မှာ ကျဆုံးခဲ့တဲ့ ဗိုလ်မှူး သီဟသူရ ကျင်စံ ကို သူ့သမီး ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါ်စမ်းစမ်းမာက ရှာတွေ့သွားပြီ။



ကျိုင်းတုံသက္ကသိုလ်ကို ရာထူးတိုးနဲ့ ပြောင်းလာခဲ့ရတော့ နှစ်ပေါင်း ၄၅နှစ်တိုင်တိုင် အိမ်ကိုပြန်မလာနိုင်ခဲ့ဘဲ တောကြီးမျက်မည်းမှာ အထီးကျန်ခဲ့ရတဲ့ဖခင်ကို ရှာဖွေဖို့ မက်ခဲ့တဲ့အိမ်မက် အကောင်အထည်ဖော်တော့မယ်ဆိုပြီး ဝမ်းသာခဲ့ရ။ဖခင်ကို ပြန်မခေါ်နိုင်မချင်း ဘယ်မှမပြောင်းဆိုပြီး ရောက်ကတည်းက ၄နှစ်ကျော် ရှာခဲ့ပေမဲ့ နီးရက်နဲ့ ဝေးခဲ့ရ။

Covidကာလမှာ တာဝန်ကတစ်ဖက်၊ ပြည်တော်ပြန်တွေကို ချက်ကျွေးဖို့ ပရဟိတတာဝန်ကို သူ့တက္ကသိုလ်က ဆရာ/ဆရာမ၊ဝန်ထမ်းတွေနဲ့တာဝန်ယူပြီး ဖခင်သတင်း နားစွင့်နေခဲ့ရရှာတယ်။ တစ်နေ့မှာ ကျိုင်းတုံမြို့ ပြည်နယ်အားကစားကွင်းကြီးမှာ ရောက်လာမဲ့ ပြည်တော်ပြန်တွေကိုစောင့်ရင်း သူ့ဖခင်သတင်းလေးများ သိရမလား ရင်ဖွင့်မိလိုက်တယ်။

မေးပါများစကားရ၊ သွားပါများ ခရီးရောက်ဆိုသလို ပြည်တော်ပြန်တွေအတွက် မော်တော်ယာဉ်စီစဉ်ပေးရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ ယကကအတွင်းရေးမှူး ဦးခင်မောင်တင့် ကြားလိုက်ရတော့ မိုင်းပျဉ်းမှာ တာဝန်ထမ်းဆောင်စဉ် ကြားဖူးတာရော၊ ရဲဘော်ရဲဘက်စိတ် အပြည့်ရှိတာရော၊ လေးစားရတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်နေတာရော၊ အထူးသဖြင့် နှစ်ပေါင်း ၄၅နှစ်တိုင်အောင် မမေ့မလျော့ဘဲ ဖခင်ကို ရင်ထဲမှာ ပွေ့ဖက်ထားနိုင်ခဲ့တဲ့ သမီးဖြစ်သူကို လေးစားသောအားဖြင့် မိုင်းပျဉ်းက ရဲဘာ်ရဲဘက် ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်တိုးကို ဖုန်းဆက်လိုက် အကူအညီ တောင်းပါတော့တယ်။



ဒီနေရာမှာ ပြောချင်တာက ကိုယ်ကသာ မလျော့သော ဇွဲလုံ့လနဲ့ စိတ်အားထက်သန်မယ်၊ ရဲဘော်ရဲဘက်စိတ် အပြည့်အဝရှိသူတွေနဲ့ အခုလို ဆုံကြရမယ်ဆိုရင် ရည်မှန်းချက်ကို ရောက်နိုင်တာပါပဲ။ ဦးမောင်တိုးဆိုရင်လည်း ဦးခင်မောင်တင့် အကူအညီ တောင်းခံမှုရယ်၊ တောင်ကြောတစ်လျှောက် သွားလာစဉ်မှာ အမြဲတန်းတွေ့နေရပြီး ဂုဏ်ယူစွာ အလေးပြုခဲ့ရတဲ့ ကျောက်တိုင်လေးရယ်ကို ပိတိဖြစ်စွာနဲ့ ခရီးကြမ်း မမောတမ်း သွားရောက်ခဲ့လေရဲ့။



ဒီကျောက်တိုင်လေးကို ကျဆုံးစဉ်က စိုက်ထူခဲ့တာမဟုတ်၊ ကျဆုံးပြီး နောက်တစ်နှစ်ဖြစ်တဲ့ ၁၉၇၆ခုနှစ်၊ဇန်နဝါလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ နိုင်ငံတော်ပြန်တမ်းနဲ့ သီဟသူရဘွဲ့ကို ပေးတာဆိုတော့ ကျဆုံးပြီးနောက်မှာမှ သစ္စာရှိတဲ့၊လေးစားကြတဲ့၊ကြည်ညိုကြတဲ့ ရဲဘော်ရဲဘက်တွေ နောက်တစ်ခါလာပြီး မှတ်မှတ်ရရ စိုက်ထူပေးခဲ့တာဖြစ်မယ်။

အော် ကျောက်တိုင်လေးရယ်၊ဖခင်ကိုချစ်တဲ့ သမီးရယ်၊ ကျိုင်းတုံမြို့မိမြို့ဖ ဦးခင်မောင်တင့်ရယ်၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်တိုးရယ်က ဗိုလ်မှူး သီဟသူရ ကျင်စံ ရဲ့ အလိုတော်အရ ဆုံဆည်းမှုရယ်လား မသိနိုင်တော့ပြီ။



အခုမှာတော့ ကျဆုံးလေပြီးသော ဗိုလ်မှူး သီဟသူရ ကျင်စံရဲ့ တောကြီးမျက်မည်း ပွိုင့် ၆၆၁၄က ကျောက်တိုင်လေးအစား ခန်းနားတဲ့ဗိမာန် လုပ်နေပြီဆိုတာရယ်၊ ၂၀၂၁ခုနှစ်၊ဇန်နဝါရီလ ၂၅ ရက်နေ့မှာ တပ်မတော်အခန်းအနားနဲ့ ဂုဏ်ပြုသင်းဂြိုလ်မှာကို သိလိုက်ရတော့ စစ်သူရဲကောင်းတွေကို ဘယ်သူမှ မမေ့ကြပါဘူးဆိုတာ ယုံကြည်ရင်း၊ ကျေးဇူးတင်ထိုက်သူအားလုံးကို လေးစားလျှက်

“ရန်သူကပင် လေးစားရသောမြန်မာ့တပ်မတော်မှအရာရှိတစ်ဦး ဗိုလ်မှူး သီဟသူရ ကျင်စံ ”

ပြောက်ကျားစစ်ဆင်ရာတွင်အလွန်ထူးချွန်သူ။

မျက်လုံးမျက်ဖန်ကောင်းကောင်းဥပဓိရုပ်လည်းကောင်းမွန်သလိုလက်ရဲဇက်ရဲလည်းရှိသည်။သူက DSAအပတ်စဉ်(၅)မြစ်ကြီးနားသား

သူ့အပတ်စဉ်ထဲက အရာရှိတွေအတွက် သူကစံပြသူရဲကောင်း…ပြောက်ကျားစစ်ပွဲတွေမှာ နတ်ဘုရား တစ်ပါးလိုအစွမ်းထက်သကဲ့သို့ သမားရိုးကျစစ်ပွဲတွင်လည်း သူရဲကောင်းစစ်သည်တို့၏လမ်းစဉ်ကိုလိုက်၍ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သည်။

ကရင်ပြည်နယ်စစ်ဆင်ရေးများတွင်မူကား လက်သံပြောင်စွာတိုက်ကွက်ဖော်စစ်ကစားခဲ့သည်။သူ့ကွန်မန်ဒိုတပ်သားများကိုတစ်ယောက်မကျန် ကရင်စကား၊ပအိုဝ့်စကားသင်စေသည်။ တပ်မတော်ထုတ်တောစီးဖိနပ်မည်သည့်အခါမှမစ်ီး၊ ခြေညှပ်ဖိနပ်သာစီးသည်။

သူ့ကွန်မန်ဒိုတပ်သားများလည်းထိုနည်းလည်းကောင်း..ခြေညှပ်ဖိနပ်ကို ရှေ့နောက်သဲကြိုး လဲစီးသည်။ထို့အတွက်သူတို့သွားလာရာကို မည်သူမှမခန့်မှန်းနိုင်…

ကရင်ပြည်နယ်စစ်ဆင်ရေးအတွင်းတစ်နေကုန် လျှိုထဲဝင်အိပ်နေကာ ညမှောင်ရီဖျိုးဖျမှ ထွက်တိုက်တတ်သည်။ သူ့ယူနီဖောင်းမှာငပွေးယူနီဖောင်း။ အဆင့်တံဆိပ်နှင့်ကိုင်ဆောင်သောလက်နက်မှအစ ငပွေးတို့လက်နက်များသာ။ ငပွေးတို့ကိုယ်တိုင်ပင်လျှင် သူ့ကို မဆလတပ်မှ လင်းထင်အငယ်စားလေးဟူ၍ပင် အခမဲ့ကင်ပွန်းတပ်ပေးခဲ့ကြသည်အထိ သူ့အစွမ်းကကြီးသည်။

KNUတပ်မင်းလင်းထင်ကဲ့သို့ပင် သူသည်လည်းWသုံးလုံးသမား။(သဘောပေါက်….)လင်းထင်က သူပုန်းအောင်းရာနံရံပေါ်တွင်ရေးသားခဲ့သည့်စကားလုံးလေးတွေရှိသည်။

” I like WOMAN, WISKEY and WAR.” ဟူ၍ပင်။

ဗိုလ်ကျင်စံသည်လည်း လင်းထင်ကဲ့သို့ပင် အရက်ကိုနို့ရည်ကဲ့သို့ သဘောထားသည်။ တိုက်ပွဲတိုင်းကို ဘဝတစ်ခုလိုသတ်မှတ်သည်။ မြာကလည်းစွံသည်။
(လက္ခဏဗေဒအရသူ၏သောကြာဂြိုလ်ခုံနှင့်အင်္ဂါလွင်ပြင်ပေါ်တွင်Starပါသည်။)

သူ၏အရည်အချင်းတို့အတွက်သူသည်နိင်ငံတော်တွင် အသက်အငယ်ဆုံးနှင့် ဗိုလ်မှူးရာထူးကိုလျင်မြန်စွာ ထိုးတက်ခဲ့သူ။

သူ့အား ငပွေးတို့က ကရင်ဘာသာနှင့် ကလိုးခလီး ဟူ၍ခေါ်ကြသည်။ အနက်ကား..ကျည်ဆံဟူ၍ပင်။

ဗိုလ်ကျင်စံ၏မိခင်တပ်ရင်းကား တပ်မ(၇၇) တပ်မမှူး ဗိုလ်မှူးကြီးတင့်ဆွေ ရတခတွင် တိုင်းမှူးဖြစ်သောအခါ ရတခကွပ်ကွဲမှုအောက်ရှိ ကျိုက်ထိုတပ်ရင်းသို့ ဗကကျင်စံကို ပြောင်းရွှေ့ခေါ်ယူခဲ့သည်။ကျိုက်ထိုရောက်ရောက်ချင်း ဗိုလ်ကြီးကျင်စံက သူ့အကြောင်းပြခဲ့သည်။

ကျိုက်ထီးရိုး တောင်ပေါ်တွင်လုယက်ပြီးပြန်လာသောငပွေးတစ်သိုက်ကို လမ်းတွင်ဖြတ်တိုက်ကာ လက်စတုံးပစ်သည်။များမကြာမီ KNUတပ်မဟာ(၁)မှဗိုလ်ကြီးစောလုပ်နှင့် သူ့အင်အား၂၀ ကို L.R.P ဖြင့် အပြီးအပြတ်သုတ်သင်ရှင်းလင်းသည်။

ဤသို့ဖြင့်ဗိုလ်ကျင်စံရှိရာအရပ်နှင့်မိုင်နှစ်ဆယ်အတွင်း မည်သည့်တပ်မှမဝင်ရ ဟူ၍ပင် တပ်မဟာ(၁)မှခေါင်းဆောင်များအမိန့်ထုတ်ရလေသည်။

နောက်ထပ် သူလက်စွမ်းပြခဲ့သည်က KNUတပ်မဟာ(၂)တပ်မဟာမှူးဖားရော့၏စခန်း…ဗိုလ်ကြီးကျင်စံက ချေမှုန်းရေးတပ်ခွဲကိုဦးစီး၍ ငပွေးယူနီဖောင်းများကိုဝတ်ဆင်ကာ ကရင်စကား၊ ပအို့ဝ်စကားသာ ပြောသော စစ်သည်လေးဆယ်ကျော်နှင့်နံနက် ၀၄:၀၀နာရီတွင် ချေမှုန်းရေးစစ်ကြောင်းစတင်ထွက်ခွာခဲ့လေသည်။

ယ-ရက် ၀၉:၀၀နာရီတွင် တပ်ရင်းမှူးထံသို့ ဗိုလ်ကျင်စံ၏စက်သတင်းဝင်လာလေသည်…

သတင်းကား ကျုံတူးရောက်ပြီ..တစ်လောင်းတစ်လက်ရ..မိမိအကျအဆုံးမရှိ..ရှေ့သို့ချီတက်မည်။ဟူ၍…

နံနက်၀၇:၃၀နာရီတွင် ဗိုလ်ကျင်စံစစ်ကြောင်းမှကြေးနန်းဝင်လာလေသည်…

သတင်းကား..

တပ်မဟာ၂ဌာနချုပ် ဖားရော့စခန်းနှင့် ဆေးရုံကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးပါပြီ..KNUမှဒုအရခဗ ၁ ၊ တကက ၁၊တသ ၅၊ လက်နက်ငယ် ၇ လက်နှင့် ကျည်ဆံမျိုးစုံ ၅၀၀၀၊ လူနေတဲ ရှစ်လုံး၊ ဆန်ဆီဆားငပိရိက္ခာ ဂိုဒေါင်များသိမ်းဆည်းရမိပါသည်….ဟူ၍ပင်။

ဗိုလ်ကျင်စံမှ ယင်းတိုက်ပွဲနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းတင်ပြရာတွင်…

ယ-ရက်၊ နေ့ ၀၄:၀၀ နာရီတွင်ကျုံတူးရွာမြောက်ဘက်လျှိုကြားထဲရှိ တဲများကိုရှင်းလင်းရာ ရန်သူ့ပသစတစ်ဦးကို အရှင်ပစ်ခတ်ဖမ်းဆ်ီးရမိကြောင်း။ ယင်းသုံ့ပန်းထံမှ တပ်မဟာ(၂)ဆေးရုံအကြောင်းသတင်းစစ်ချက်ရယူကြောင်း၊ ထို့နောက်တစ်နေကုန်လျှိုထဲဆင်းအိပ်နေကြောင်း၊ ညမှောင်ရီဖြိုးအချိန်မှထ၍ မိမိစစ်သည်များအား ပတ်တ်ီးများစည်းစေကာ အသင့်ယူဆောင်လာသော မှင်နီများကိုပတ်တီးတွင်ဆွတ်၍လူနာယောင်ဆောင်ပြီး ဆေးရုံရှိရာသို့ဦးးတည်ချီတက်လာကြကြောင်း၊ ဆေးရုံရှိလျှင် ဌာနချုပ်ရှိမည်ဟူ၍ယူဆကာ ဌာနချုပ်ကိုအရင်သိမ်းရန်ပြင်ဆင်ကြောင်း၊ညတစ်ချိန်လုံး ဌာနချုပ်နားတွင်စောင့်ဆိုင်းနေပြီးမှ မိုးစရွာလာသောမိုးသောက်စတွင် ဝင်ရောက်ပစ်ခတ်သိမ်းပိုက်ပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက်ဖျက်ဆီးကာ ဌာနချုပ်သို့ပြန်လာကြောင်းတင်ပြသွားပါသည်။

ဗိုလ်ကျင်စံကား ပွဲဦးထွက်တိုက်ပွဲများကတည်းက လက်စွာခဲ့သူပေ။

ဌာနချုပ်ကျသည်ဆိုကတည်းက၊ ကရင်ငပွေးများကလည်း လက်တုံ့ပြန်ရန်ကြိုးစားသည်။ သို့သော်အရာမထင်…လျှင်မြန်သောဗိုလ်ကျင်စံကသူတို့ကို ပြန်လည်ချုံခိုသည်။တစ်ခါတစ်ရံ သူကိုယ်တိုင် အဖမ်းခံရယောင်ဆောင်ကာ စခန်းထဲမှစိတ်လွတ်ကိုယ်လွတ် ထွက်လာသောငပွေးတို့ကို သွေးအေးအေးနှင့်သုတ်သင်တတ်သူ။သူကား တိုက်ပွဲတိုင်းတွင်ရက်စက်စွာ တိုက်ခိုက်တတ်သူ။

တဖြည်းဖြည်း သူ့သတင်းကကျော်စောလာသည်။ သူသည် မြန်မာ့တပ်မတော်တွင်အသက်အငယ်ဆုံးသော ရာထူးအကြီးဆုံးကိုရရှိသူ၊ ရာထူးတိုးအမြန်ဆုံးသောအရာရှိတစ်ဦးဖြစ်လာသည်။

ဗိုလ်ကျင်စံကားတိုက်ရေးခိုက်ရေးတွင် အလွန်ကြမ်းကြုတ်သူတစ်ဦးဖြစ်သည်။

နောက်တော့ ရတခမှသံလွင်အရှေ့ခြမ်းသို့ပြောင်းသွားရသည်။သံလွင်အရှေ့ခြမ်းတွင်လည်းသူ၏တိုက်တိုင်းအောင်ကွန်မန်ဒိုတိုက်ပွဲများဖြင့်လက်စွမ်းပြခဲ့သည်။ရန်သူကိုတွေ့လျှင်အပြတ်တိုက်ခိုက်ကာ တစ်ယောက်မကျန်သုတ်သင်သည်။အမဲလိုက်မုဆိုးကဲ့သို့ သူ၏တပ်ဖွဲ့ဝင်များက မိမိသားကောင်ကိုခြေရာခံသည်။ ဝိုင်းပတ်ချေမှူန်းသည်။

၁၉၇၄ခုနှစ်၊ သနက(၁)တွင်ဗိုလ်မှူးဘဝနှင့်တပ်ခွဲတစ်ခွဲကိုဦးဆောင်ကာ မိုင်းပျဉ်းမြောက်ဖက်ရှိ ငှက်ဥငှက်ကာဒေသသို့ ထိုးဖောက်သည်။သူ့တာဝန်ကား ရန်သူဗကပတပ်မဟာတစ်ခုမြောက်ဘက်မှဆင်းလာသည်ဟူသောသတင်းကိုထောက်လှမ်းအတည်ပြုရန်သာဖြစ်သည်။

သူ့တပ်ခွဲနှင့်ရန်သူရှိသည်ဟူသော တောင်ကြောကိုရှင်းလင်းနေစဉ် သက်ကယ်တောကြီးထဲတွင်ရန်သူ့တပ်ကို ရုတ်တရက်တွေ့လိုက်သည်။ ရန်သူကား တပ်မဟာတစ်ခုလုံးနီးနီး။သူ့လက်အောက်မှအရာရှိများက မိမိတို့၏တာဝန်သည် ထောက်လှမ်းရေးတာဝန်သာဖြစ်၍ နေရာသိလျှင်ပြန်ကြရန်တင်ပြသည်။ သို့သော်ဗိုလ်ကျင်စံက လက်မခံ….

“ငါ့ဘဝမှာရန်သူတွေ့လို့ မတိုက်ဘဲရှောင်ထွက်လာတာ တစ်ခါမှမရှိခဲ့ဖူးဘူး။ ငါဒီတစ်ခါအတွက်နဲ့ ငါ့နာမည်အပျက်မခံနိုင်ဘူး…တိုက်ကိုတိုက်မယ်…” ဟူ၍ပြန်ပြောကာ တိုက်ရန်ပြင်သည်။

ညအချိန်ရုတ်တရက်ဝင်တိုက်သဖြင့်ဗကပတို့အထိနာကာ တပ်ပျက်သည်။ ရန်သူဗကပခေါင်းဆောင်ကိုအရှင်ဖမ်းမိသည်။မိမိတို့အင်အားနည်းမှန်းသိသဖြင့် ရန်သူက ဖိတိုက်သောအခါ ရန်သူဗကပခေါင်းဆောင်ထွက်ပြေးရန်ကြိုးပမ်းသဖြင့် ကွပ်မျက်ပစ်ရသည်။

အင်နှင့်အားနှင့်ဖိတက်လာသော လူလှိုင်းလုံးထိုးစစ်ကြောင့် ဗိုလ်ကျင်စံနှင့်အဖွဲ့ မိုးမလင်းခင် ခွာစစ်ဆင်လာရသည်။

ထိုခွာစစ်ဆင်ရာတွင် ဗိုလ်ကျင်စံသည် သူကိုယ်တိုင် နောက်ဆုံးမှနေ၍ ဟန့်စစ်ဆင်ခဲ့သည်။

ရန်သူ့ကျည်ဆံတစ်ချက်က သူ့ပေါင်ကိုမှန်သည်။ နောက်ထပ်အဆုတ်တွင် သူ့အားလက်နက်ကြီးကျည်တိုက်ရိုက်မှန်ကာ ဗိုလ်ကျင်စံမှာ နေရာတွင်ပင်ကျဆုံးခဲ့ရပါသည်။

သူ၏အသက်မဲ့သောခန္ဓာကိုယ်ကို သူချစ်သောရဲဘော်များက ပါအောင်သယ်ဆုတ်ကာ မိုင်းပျဉ်းတွင်သင်္ဂြိုလ်ခဲ့ပါသည်။

သီဟသူရဘွဲ့ရရှိခဲ့သည်ကိုပင်မသိနိင်ခဲ့…

သူချစ်သောရဲဘော်များနှင့်အတူ သူ့အသက်ကိုစွန့်လွှတ်ရင်း အမိမြန်မာနိင်ငံအတွက် သူပေးဆပ်သွားခဲ့လေသည်။

ဗိုလ်ကျင်စံကျဆုံးခြင်းနှင့်အတူ သံလွင်မြစ်အနောက်ခြမ်းမှ ရန်သူဗကပတို့၏အကြီးကျယ်ဆုံးသော ထိုးစစ်တစ်ခု လုံးဝဥဿုံ ကျဆုံးသွားရလေသည်။

ဗိုလ်ကျင်စံကျဆုံးသွားခြင်းသည် မြန်မာ့တပ်မတော်အတွက်အားကိုးအားထားပြုရသောတပ်မှူးကောင်းတစ်ယောက်ဆုံးရှုံးရခြင်းပင်ဖြစ်ပေသည်။

တစ်ဖက်မြှ့ပန်လည်စဉ်းစားရလျှင်ပြောက်ကျားစစ်တွင်ကျွမ်းကျင်ကာခေါင်းမာလှသောတပ်မှူးတစ်ဦးအား ပြောက်ကျားစစ်နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဗကပတို့၏လူလှိုင်းလုံးစစ်ဆင်ရေးတိုက်ပွဲများနှင့်တွေ့ကြုံစေသော အကြီးအကဲတို့၏ အမှားဟုဆိုရမည်လော…ကျွန်တော်မဆုံးဖြတ်တတ်။

ကျွန်တော်သိသည်ကားဗိုလ်ကျင်စံ..ဟူသည် ရန်သူက သူ့အမည်ကြားရုံနှင့် ခပ်ဝေးဝေးကရှောင်ရသော၊ တပ်မဟာတစ်ခုကို တပ်ခွဲတစ်ခုတည်းနှင့်ရင်ဆိုင်တိုက်ခိုက်ကာ ရန်သူ့စစ်ဗျူဟာကို လုံးဝပျက်သုဉ်းသွားစေသော အစွမ်းရှိသည့် စစ်သည်တစ်ဦးသာဖြစ်ပါသည်။

နှောင်းလူငယ်တို့ ဗိုလ်ကျင်စံကဲ့သို့သော အမိမြေအတွက်အသက်ပေးကာကွယ်ဝံ့သူများဖြစ်နိင်ကြပါစေ။

လေးစားလျက်

(မင်းမော်)

အကြောင်းအရာများကိုထုတ်ယူရာတွင် အဘသောင်းဝေဦး၏”ရဲဝံံ့စွန့်စားတကယ့်ကွန်မန်ဒိုများ” စာအုပ်ကိုမှီငြမ်းပါသည်။

လိုအပ်ချက်များရှိပါက လေ့လာသူ ကျနော်၏အပြစ်သာဖြစ်ပါကြောင်း…

Credit to ဗိုလ်မှူးကြီးသောင်းဝေ(ငြိမ်

Post a Comment

Previous Post Next Post