(Unicode)

လုပ်ငန်းရှင် သူငယ်ချင်းတစ်ယောက်ရဲ့ ဇနီး အွန်လိုင်းမှာ ဟင်းချက်ရောင်းပြီး သူငယ်ချင်းက သူ့ကားနဲ့ Delivery လိုက်ပို့နေတယ်။ တစ်ရက် သူပစ္စည်းလာပို့တဲ့ တိုက်အောက်မှာ ကျွန်တော်နဲ့ ဆုံတယ်..။

“မင်းကွာ..စက်ရုံပိုင်ရှင်ကြီးဖြစ်နေပြီး ဒါတွေ လုပ်နေတာလား” ဆိုပြီးနောက်တော့သူက အတည်ပြန်ဖြေတယ်. “လူတွေက လက်လုပ်လက်စားတွေ ဒုက္ခရောက်ကြတာပဲ မြင်တာကွ.. ငါတို့လို လုပ်ငန်းရှင်တွေ အကြီးအကျယ် ထိတာကိုကျ သိပ်မသိဘူး. ဆင်ပိန် ကျွဲလောက်ပေါ့ကွာဆိုပြီး ပြောကြတယ်..”



“မဟုတ်ဘူးသူငယ်ချင်း.. တကယ့်ကို အလုပ်ကောင်းမယ့် သင်္ကြန်ကာလကိုမျှော်လင့်ပြီး ငါ ဘဏ်တိုးနဲ့ လုပ်ငန်းချဲ့ထားတာတွေ အတွက် တစ်လ တစ်လကို သိန်း လေးငါးဆယ် မိုင်းနပ်ရှိတယ် သူငယ်ချင်း.. အလုပ်တွေ လုံးဝကို အကုန်ရပ်ကုန်ပြီ.. ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး… အလုပ်တွေ ပြန်ကောင်းသွားရင် ဝုန်းခနဲ ပြန်စလို့ရအောင် တစ်ချို့ ဝန်ထမ်းတွေကို လစာ ပေးထားရသေးတယ်.. ”

“ဒီအခြေအနေမှာ ငါတို့တစ်ခုခုမှ ထ မလုပ်လို့ကို မရဘူး.. ပြီးတော့ ဒီအချိန်မှာ ဈေးရောင်းတာတို့ Delivery လုပ်တာတို့ကို ပေါ်ပင်ဆိုပြီးပြောကြတယ်.. ဒါဆို ငါ့ကို အကြံပေး ပြောစမ်းကွာ… တစ်ခြားအလုပ်..ဘာလုပ်ရမလဲ.. ဘာမှ မရှိဘူးကွ..သူငယ်ချင်းရ.. တစ်ကမ္ဘာလုံး စားသောက်ကုန် အွန်လိုင်းရှော့ပင်နဲ့ Delivery ပြောင်းလုပ်နေကြတာ.. ”

“အလုပ်မကောင်းလို့ ထိုင်နေကြတာချင်းအတူတူ လုပ်ငန်းရှင်ဆိုသူ အများစုမှာ အတိုးက တရိပ်ရိပ်တက်နေဟ.. ဒီကွေ့မှာ ဒီတက်နဲ့ မလှော်ရင် ငါတို့ကျန်ခဲ့မှာ..ရိုးရိုးမကျန်ခဲ့ဘူးနော်.. ဘဝပျက်ပြီး ကျန်ခဲ့မှာကွ.. ခဏစောင့်အုံးကွာ..ပြောစရာစကားမကုန်သေးဘူး.. နေ့လည်စာအမှီ သွားပို့လိုက်အုံးမယ်.. ၇ လွှာ တက်ရမှာကွ..”


လှုပ်လီလှုပ်လဲ့နဲ့ တိုက်ပေါ်တက်သွားတဲ့ သူ့ကို အောက်ကနေ စောင့်နေလိုက်တယ်.. ခဏနေတော့ သူပြန်ဆင်းလာတယ်.. နဖူးမှာတင်နေတဲ့ ချွေးကိုသုတ်ပြီး စကားဆက်တယ်.. “ကြည့်တဲ့ အမြင်တွေ အမျိုးမျိုးကွဲတာပေါ့.. ဒီအလုပ်မျိုးဆိုတာ နွမ်းပါးတဲ့ သူတွေလုပ်ပါစေပေါ့.. နွမ်းပါးတဲ့သူ စီးနေတဲ့ စက်ဘီးက သူ့ပိုက်ဆံနဲ့သူ ဝယ်ထားတာ.. ငါတို့ လုပ်ငန်းရှင်ဆိုသူ အများစုဟာ အိမ် ကား လက်ရှိသုံးနေတဲ့ အသုံးအဆောင် အားလုံးနီးပါးကို ဘဏ်က အကြွေးနဲ့ သိမ်းပစ်လို့ ရတယ်ကွ…”

“အပေါ်ယံကိုကြည့်ပြီး ဆုံးဖြတ်ရင်တော့ ငါတို့က ချမ်းသာတယ်ပေါ့.. ပေးရမယ့်အကြွေးကို အကုန်ရောင်းပြီး ခုချက်ချင်းဆပ်ရမယ်ဆို မွဲသွားမယ့် သူဌေးတွေ ပတ်ဝန်ကျင်မှာ လက်ညှိုးထိုးမလွဲဘူးကွ.. ဒီအချိန်က ဆင်းရဲသူ ချမ်းသာသူမရွေး အကုန် ဒုက္ခရောက်နေတဲ့ အချိန်.. ပြီးတော့ မလွယ်တဲ့ အချက်ရှိပါသေးတယ်..”

“ငါတို့ အနေအထားကြီးနဲ့ကွာ ဘယ်ဈေးရောင်းချင်ပါ့မလဲ.. ဘယ် ကိုယ်တိုင်လိုက်ပို့ချင်ပါ့မလဲ.. သူဌေးကွ.. သူဌေးလို နေခဲ့ ထိုင်ခဲ့ သူများကို ခိုင်းခဲ့တာကွ.. မင်းက ငါဒီအလုပ်လုပ်လို့ အံ့သြတယ်.. ငါကကျ အဲဒီ မာန်ကြီးခံနေပြီး ခုချိန်ထိ ဘာမှ ထ မလုပ်တဲ့ သူတွေကိုပဲ အံ့သြတာ.. ဘယ်သူတွေ ဘာပြောပြော ငါကတော့ ငါ့ကိုယ်ငါရော ၊ ငါ့မိန်းမကိုရော ချီးကျူးတယ်.. အလုပ်ကြီးကြီး သေးသေး သမ္မာ အာဇီဝ အလုပ်ဖြစ်လို့ မရှက် မကြောက် လုပ်ရဲတာကိုပဲ ငါမြင်တယ်..”


သူငယ်ချင်းနဲ့ အတော်ကြာ စကားပြောပြီးတဲ့နောက် ရင်ထဲမှာ အတွေးတွေ အပြည့်နဲ့ ကျွန်တော် အိမ်ကိုပြန်လာခဲ့တယ်။ သူငယ်ချင်းကတော့ နောက်တစ်နေရာကို ပစ္စည်းပို့ဖို့ လှုပ်လီ လှုပ်လဲ့နဲ့ ကားပေါ်ပြန်တက်သွားလေရဲ့…။

ကိုစိုးထိုက် (ဖဒို)

(Zawgyi)

လုပ္ငန္းရွင္ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ဇနီး အြန္လိုင္းမွာ ဟင္းခ်က္ေရာင္းၿပီး သူငယ္ခ်င္းက သူ႔ကားနဲ႔ Delivery လိုက္ပို႔ေနတယ္။ တစ္ရက္ သူပစၥည္းလာပို႔တဲ့ တိုက္ေအာက္မွာ ကြၽန္ေတာ္နဲ႔ ဆုံတယ္..။

“မင္းကြာ..စက္႐ုံပိုင္ရွင္ႀကီးျဖစ္ေနၿပီး ဒါေတြ လုပ္ေနတာလား” ဆိုၿပီးေနာက္ေတာ့သူက အတည္ျပန္ေျဖတယ္. “လူေတြက လက္လုပ္လက္စားေတြ ဒုကၡေရာက္ၾကတာပဲ ျမင္တာကြ.. ငါတို႔လို လုပ္ငန္းရွင္ေတြ အႀကီးအက်ယ္ ထိတာကိုက် သိပ္မသိဘူး. ဆင္ပိန္ ကြၽဲေလာက္ေပါ့ကြာဆိုၿပီး ေျပာၾကတယ္..”


“မဟုတ္ဘူးသူငယ္ခ်င္း.. တကယ့္ကို အလုပ္ေကာင္းမယ့္ သၾကၤန္ကာလကိုေမွ်ာ္လင့္ၿပီး ငါ ဘဏ္တိုးနဲ႔ လုပ္ငန္းခ်ဲ႕ထားတာေတြ အတြက္ တစ္လ တစ္လကို သိန္း ေလးငါးဆယ္ မိုင္းနပ္ရွိတယ္ သူငယ္ခ်င္း.. အလုပ္ေတြ လုံးဝကို အကုန္ရပ္ကုန္ၿပီ.. ဒါတင္ပဲလား ဆိုေတာ့ မဟုတ္ေသးဘူး… အလုပ္ေတြ ျပန္ေကာင္းသြားရင္ ဝုန္းခနဲ ျပန္စလို႔ရေအာင္ တစ္ခ်ိဳ႕ ဝန္ထမ္းေတြကို လစာ ေပးထားရေသးတယ္.. ”

“ဒီအေျခအေနမွာ ငါတို႔တစ္ခုခုမွ ထ မလုပ္လို႔ကို မရဘူး.. ၿပီးေတာ့ ဒီအခ်ိန္မွာ ေစ်းေရာင္းတာတို႔ Delivery လုပ္တာတို႔ကို ေပၚပင္ဆိုၿပီးေျပာၾကတယ္.. ဒါဆို ငါ့ကို အႀကံေပး ေျပာစမ္းကြာ… တစ္ျခားအလုပ္..ဘာလုပ္ရမလဲ.. ဘာမွ မရွိဘူးကြ..သူငယ္ခ်င္းရ.. တစ္ကမာၻလုံး စားေသာက္ကုန္ အြန္လိုင္းေရွာ့ပင္နဲ႔ Delivery ေျပာင္းလုပ္ေနၾကတာ.. ”

“အလုပ္မေကာင္းလို႔ ထိုင္ေနၾကတာခ်င္းအတူတူ လုပ္ငန္းရွင္ဆိုသူ အမ်ားစုမွာ အတိုးက တရိပ္ရိပ္တက္ေနဟ.. ဒီေကြ႕မွာ ဒီတက္နဲ႔ မေလွာ္ရင္ ငါတို႔က်န္ခဲ့မွာ..႐ိုး႐ိုးမက်န္ခဲ့ဘူးေနာ္.. ဘဝပ်က္ၿပီး က်န္ခဲ့မွာကြ.. ခဏေစာင့္အုံးကြာ..ေျပာစရာစကားမကုန္ေသးဘူး.. ေန႔လည္စာအမွီ သြားပို႔လိုက္အုံးမယ္.. ၇ လႊာ တက္ရမွာကြ..”


လႈပ္လီလႈပ္လဲ့နဲ႔ တိုက္ေပၚတက္သြားတဲ့ သူ႔ကို ေအာက္ကေန ေစာင့္ေနလိုက္တယ္.. ခဏေနေတာ့ သူျပန္ဆင္းလာတယ္.. နဖူးမွာတင္ေနတဲ့ ေခြၽးကိုသုတ္ၿပီး စကားဆက္တယ္.. “ၾကည့္တဲ့ အျမင္ေတြ အမ်ိဳးမ်ိဳးကြဲတာေပါ့.. ဒီအလုပ္မ်ိဳးဆိုတာ ႏြမ္းပါးတဲ့ သူေတြလုပ္ပါေစေပါ့.. ႏြမ္းပါးတဲ့သူ စီးေနတဲ့ စက္ဘီးက သူ႔ပိုက္ဆံနဲ႔သူ ဝယ္ထားတာ.. ငါတို႔ လုပ္ငန္းရွင္ဆိုသူ အမ်ားစုဟာ အိမ္ ကား လက္ရွိသုံးေနတဲ့ အသုံးအေဆာင္ အားလုံးနီးပါးကို ဘဏ္က အေႂကြးနဲ႔ သိမ္းပစ္လို႔ ရတယ္ကြ…”

“အေပၚယံကိုၾကည့္ၿပီး ဆုံးျဖတ္ရင္ေတာ့ ငါတို႔က ခ်မ္းသာတယ္ေပါ့.. ေပးရမယ့္အေႂကြးကို အကုန္ေရာင္းၿပီး ခုခ်က္ခ်င္းဆပ္ရမယ္ဆို မြဲသြားမယ့္ သူေဌးေတြ ပတ္ဝန္က်င္မွာ လက္ညႇိဳးထိုးမလြဲဘူးကြ.. ဒီအခ်ိန္က ဆင္းရဲသူ ခ်မ္းသာသူမေ႐ြး အကုန္ ဒုကၡေရာက္ေနတဲ့ အခ်ိန္.. ၿပီးေတာ့ မလြယ္တဲ့ အခ်က္ရွိပါေသးတယ္..”

“ငါတို႔ အေနအထားႀကီးနဲ႔ကြာ ဘယ္ေစ်းေရာင္းခ်င္ပါ့မလဲ.. ဘယ္ ကိုယ္တိုင္လိုက္ပို႔ခ်င္ပါ့မလဲ.. သူေဌးကြ.. သူေဌးလို ေနခဲ့ ထိုင္ခဲ့ သူမ်ားကို ခိုင္းခဲ့တာကြ.. မင္းက ငါဒီအလုပ္လုပ္လို႔ အံ့ၾသတယ္.. ငါကက် အဲဒီ မာန္ႀကီးခံေနၿပီး ခုခ်ိန္ထိ ဘာမွ ထ မလုပ္တဲ့ သူေတြကိုပဲ အံ့ၾသတာ.. ဘယ္သူေတြ ဘာေျပာေျပာ ငါကေတာ့ ငါ့ကိုယ္ငါေရာ ၊ ငါ့မိန္းမကိုေရာ ခ်ီးက်ဴးတယ္.. အလုပ္ႀကီးႀကီး ေသးေသး သမၼာ အာဇီဝ အလုပ္ျဖစ္လို႔ မရွက္ မေၾကာက္ လုပ္ရဲတာကိုပဲ ငါျမင္တယ္..”


သူငယ္ခ်င္းနဲ႔ အေတာ္ၾကာ စကားေျပာၿပီးတဲ့ေနာက္ ရင္ထဲမွာ အေတြးေတြ အျပည့္နဲ႔ ကြၽန္ေတာ္ အိမ္ကိုျပန္လာခဲ့တယ္။ သူငယ္ခ်င္းကေတာ့ ေနာက္တစ္ေနရာကို ပစၥည္းပို႔ဖို႔ လႈပ္လီ လႈပ္လဲ့နဲ႔ ကားေပၚျပန္တက္သြားေလရဲ႕…။

ကိုစိုးထိုက္ (ဖဒို)

Post a Comment

Previous Post Next Post