(Unicode)

မန္တလေးမြို့တွင် ထားရှိမည့် COVID-19 ပိုးစစ်ဆေးမှုအတွက် လိုအပ်သည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများရောက်ပြီးဖြစ်၍ တပ်ဆင်စမ်းသပ်မှုလုပ်ဆောင်ခဲ့ပြီး မကြာမီ ဓာတ်ခွဲစစ်ဆေးမှုများ စတင်နိုင်တော့မည်ဖြစ်ရာ တရုတ်နိုင်ငံ ၊ယူနန်ပြည်နယ်မှ ကျွမ်းကျင်ပညာရှင် ၆ ဦးလာရောက်ကာ ဓာတ်ခွဲခန်းနှင့် ပတ်သက်၍ သင်တန်းပေးမည်ဟု သိရသည်။

အဆိုပါ ယူနန်ပြည်နယ်မှ တရုတ်ပညာရှင်များသည် မန္တလေးမြို့သို့ ယနေ့ မေ ၂၂ ရက်နေ့ညပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ဓာတ်ခွဲခန်းတွင် ဆောင်ရွက်ကြမည့် ပညာရှင်များအား စက်ပစ္စည်းများ တပ်ဆင်ထိန်းသိမ်းခြင်းနှင့် ဓာတ်ခွဲခန်းသို့ ကြည့်ရှုကာ လိုအပ်သည်များကို ညှိနိုင်းဆွေးနွေးမှုများလည်း လုပ်ဆောင်မည်ဟုဆိုသည်။



“ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးမှာ အဓိကအကျဆုံးက ဓါတ်ခွဲအတည်ပြုလူနာကိုဆောလျင်စွာရှာဖွေနိုင်မှုပါ။ များ များရှာနိုင်ပြီး စောစောတွေ့မှ ရောဂါထိန်းချုပ်မှုကို အချိန်နဲ့တစ်ပြေးညီဆောင်ရွက်နိုင်မယ်။ ပညာရှင်အဖွဲ့နဲ့ မန္တလေးအတွက် လှူဒါန်းတဲ့ COVID-19 ဓာတ်ခွဲခန်းစက်ကိရိယာတစ်စုံနဲ့ စစ်ဆေးရေး ဓာတ်ကူ ပစ္စည်းများပါလာတယ်”ဟု မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ၎င်း၏လူမှုကွန်ရက်တွင် ပြောကြားထားသည်။


ဓာတ်ခွဲခန်းဖြစ်မြောက်ရေးအတွက် အဆောက်အအုံနေရာရရှိရေး၊ အဆောက်အုံကို စံသတ်မှတ်ချက်များနှင့် ပြု ပြင်ခြင်း၊ လိုအပ်သည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများကို ဝယ်ယူစုဆောင်းခြင်း၊ဝန်ထမ်းများကို ရန်ကုန်မြို့၊အမျိုးသား ဓာတ်ခွဲခန်း(NHL)သို့ စေလွှတ်၍ အတွေ့အကြုံရယူစေခြင်းတို့ဖြင့် အဆင့်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ရပြီး မကြာမီ ဓာတ်ခွဲစစ်ဆေးပေးနိုင်တော့မည်ဖြစ်သည်။


“တိုင်းအစိုးရအဖွဲ့က COVID-19 စစ်ဆေးနိုင်တဲ့ ဓာတ်ခွဲခန်းဖြစ်မြောက်ရေးကို အပူတပြင်း ကြိုးစားလုပ်ဆောင် ခဲ့တယ်။ ဓာတ်ခွဲခန်း ဆက်စပ်ပစ္စည်းတွေကို နိုင်ငံခြားက မှာယူရတယ်။တိုင်းအတွက်ရော တစ်နိုင်ငံလုံးအတွက် သုံးနိုင်ဖို့ မျှော်မှန်းထားတာပါ”ဟု COVID-19 သတင်းမှန်ပြန်ကြားရေးနှင့် သတင်းမှားဖြန့် ဝေသူများ ရှာဖွေ ဖော်ထုတ် စောင့်ကြည့်ရေးလုပ်ငန်းကော်မတီဥက္ကဌ ဦးစိုင်းပန်ဆိုင်းက ပြောကြားခဲ့သည်။


လက်ရှိတွင် မန္တလေးတိုင်းအပါအဝင် အခြားတိုင်းနှင့် ပြည်နယ်များမှ COVID-19 ပိုးစစ်ဆေးမှုအတွက် ရန်ကုန်မြို့ အမျိုးသားဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရသဖြင့် ဓာတ်ခွဲအဖြေကို အချိန်ပေးစောင့်ဆိုင်းရကြောင်း၊ မန္တလေးတွင် ဓာတ်ခွဲမှုပြုလုပ်နိုင်ပါက အထက်မြန်မာပြည်ဒေသ အသီးသီးအတွက် စစ်ဆေးပေးနိုင်တော့မည်ဖြစ်၍ ကာကွယ် ထိန်းချုပ်ရေးအတွက်ပိုမိုထိရောက်မည် ဖြစ်ကြောင်းသိရသည်။

မြန်မာတိုင်းမ်

(Zawgyi)


COVID-19 ဓာတ်ခွဲခန်းနှင့် စပ်လျဉ်း၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က မေ ၂၂ ရက်က ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ- ဒေါက်တာရဲလွင်ဖေ့်စဘွတ်









မြန်မာတိုင်းမ်

Post a Comment

Previous Post Next Post