ပန်းပန်လျှက်ပါ ဒေါ်ကိုင်ရာ…

ဒေါ်ကိုင် (ခ) မအူဒီကိုင်နန်းကို ၂ဝ၁၆ ခုနှစ်က စိတ်ကြွဆေးပြား သုံးသိန်းကျော်အပြင် ဘိန်းဖြူတွေ တပွေ့တပိုက်ကြီးနဲ့ သူမ နေထိုင်ရာ အသိုက်အမြုံထဲမှာ လက်ပူးလက်ကြပ် ဖမ်းဆီးနိုင်ခဲ့တယ် ။ အဲဒီလို ဖမ်းဆီးနိုင်ခဲ့ပေမဲ့ ဆက်လက်အောင်ပန်းဆင်နေဆဲ ပါပဲ ။ ဖားကန့်ဒေသရဲ့ ခေတ်သစ်ခွန်ဆာ အမေကိုင်ကို ဖားကန့်ဒေသ နဲ့ ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင်က ဝန်ထမ်းတွေ မသိသူ ရှိမယ်မထင်ပါ ။

ဒီမူးယစ်ဆေးဝါးတွေကို ဖမ်းဆီးပေးခဲ့တာဟာ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ပက်ဂျဆန်ပါ ။ဒေါ်ကိုင်ကို ဖမ်းဆီးခဲ့တဲ့ အဲဒီအချိန်က အငြင်းပွားစရာအကြောင်းအရာတွေများစွာ ရှိနေခဲ့ပေမဲ့ ကာယကံရှင်နဲ့ သက်ဆိုင်သူတွေသာ အသိဆုံးမို့ မရေးလိုတော့ပါ ။

ဒေါ်ကိုင် (ခ) မအူဒီကိုင်နန်း ကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိချိန်မှာ (58)ရက်စာအတွက် လိုင်းကြေး သိန်းပေါင်း ငါထောင့်ရှစ်ရာ ဆိုပြီး တိကျတဲ့ စာရင်းဇယားတွေကို သိလိုက်ရချိန်မှာတော့..။ ” ဟာဌာနဆိုင်ရာက အရာရှိတွေတော့ ပြုတ်ကုန်တော့မှာပဲ ၊ ပြည်သူ့အစိုးရက စံပြအနေနဲ့ အလုပ်ပြုတ်ထောင်ကျအောင် အရေးယူတော့မှာပဲ ” လို့ ပြည်သူတွေက တွေးထင်ခဲ့ကြပါတယ် ။


(ပိုင်ရှင်မဲ့ ဖိုးသမား အလောင်းဖြစ်မည့် သေလုမျောပါးဖြစ်နေသည့် ဖိုးသမား ။)

ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒေါ်ကိုင်ဆီက လိုင်းကြေးကောက်တဲ့အရာရှိတွေ ဌာနတွေ ဂျန်းပရိုမိုးရှင်းတွေနဲ့ ရာထူးတက်ကုန်တဲ့အပြင်ဒေါ်ကိုင်ဟာ ထောင်မကျခဲ့ပြန်ပါဘူး ။ရာဘဆေးပြား သုံးသိန်းကျော်နဲ့ဘိန်ဖြူဆပ်ပြာခွက်ပေါင်းများစွာဖမ်းဆီးမိခဲ့တဲ့ မအူဒီကိုင်နန်း ထောင်နန်းမစံရတဲ့ကိစ္စမှာ ကချင်ပြည်နယ် တရားသူကြီးချုပ် ဦးတူးဂျာနဲ့ ကချင်ပြည်နယ် ဥပဒေချုပ် ဦးဒီဆင်ရမ် တို့ ဆိတ်ဆိတ်နေခြင်းကလည်း ကချင်ပြည်နယ်တရားစီရင်ရေးအတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါ တယ် ။


(ပိုင်ရှင်မဲ့ ဖိုးသမားကို မြှုပ်ဘို့ ဒေါ်ကိုင်ဆီကို အလှူငွေ သွားတောင်းသူ ပြန်အလာကို အလောင်းချပြီး စောင့်နေစဉ်)

ဒေါ်ကိုင်ကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိချိန်မှာ ငိုကြယိုကြသူတွေတောင် ရှိကြတယ်ဆိုပဲဗျ ။ ဖားကန့်ဒေသ တခုလုံးရဲ့ ဝန်ထမ်းပေါင်းများစွာကို ကျောက်ထောက်နောက်ခံပေးထားတဲ့ ငွေတွင်းကြီး ခန်းခြောက်သွားတော့မယ်ဆိုတော့ တချိန်လုံး အမေကိုင် ခေါ်နေသူတချို့ အပင်းဆို့ပေါက် ပိတ်ကုန်တာကိုး ။ ငိုမယ်ဆိုလည်း ငိုလောက်စရာပေါ့ ။တရက်သိန်းတရာ အလှူကြီးပေးနိုင်တာဆိုလို့ ကချင်ပြည်နယ်မှာ သူတယောက်ပဲ ရှိတာလေ ။



(ဆာလာအိတ်နှင့်ထည့်ကာ သုဿန်ကို သုံးဘီးနှင့်ပို့နေတဲ့ ပိုင်ရှင်မဲ့ဖိုးသမားအလောင်း)

ဖားကန့်ဒေသရဲ့ ခေတ်သစ် ခွန်ဆာ ဒေါ်ကိုင်ရာကို မြင်ဘူးချင်လို့ လုံးခင်းရဲစခန်းမှာ သွားရောက်မှော်ဖူးခွင့်ရခဲ့ဘူးပါတယ် ။သပ်သပ်ရပ်ရပ်အခန်းလေးထဲက မွေ့ယာပေါ်မှာ အခြွေအရံနှစ်ယောက် အစားအသောက်တွေတပုံကြီးနဲ့ သာတောင့်သာယာ ထိုင်နေတဲ့ ဒေါ်ကိုင်ပုံရိပ်ကို ခုထိမြင်ယောင်မိပါသေး တယ် ။ဒေါ်ကိုင်မျက်နှာမှာ ဝမ်းနည်းတဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ရပါ ။



(ဆေးဆက်မသုံးနိုင်တော့လို့ သေဘို့စောင့်နေတဲ့ ပိုင်ရှင်မဲ့ဖိုးသမား)

ဒေါ်ကိုင်ရာကို အချုပ်ထဲ မနေရဘို့အရေး ရောဂါလက္ခဏာရှိကြောင်း လိမ်လည် အကြောင်းပြကာ ဆရာဝန်ဆေးလက်မှတ်ယူဘို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တချို့ အလုပ်ရှုပ်နေလေရဲ့ ။အဲဒီအချိန်ကတော့ ကချင်ပြည်နယ်က ဝန်ထောင်ပေါင်းများစွာရဲ့ အမေကိုင်ကိုကာကွယ်ကြ အချိန်ဖြစ်မယ်ထင်ပါတယ် ။ အောမြင်ခဲ့ပါတယ် ။မအောင်မြင်ပဲ ဘယ်နေမလဲ အားလုံးက အမေကိုင်ရာရဲ့ သားသမီးတွေကိုး ။ဒါကြောင့် အမေကိုင် အချုပ်ထဲမနေရရေး ၊ တရားရုံးကို ဇိမ်ခံကားနဲ့လာရောက်အမှုရင်ဆိုင်ရေးဟာ အမေကိုင့်သားသမီးတွေရဲ့ မဟာစီမံကိန်းကြီး ဖြစ်မယ်ထင်ပါတယ် ။



(လမ်းမလျှောက်နိုင် ၊ ဆေးလဲဆက်မသုံးနိုင်ပဲ အိပ်ယာထဲမှာ သေမဲ့အချိန်ကို စောင့်နေတဲ့ ဖိုးသမား)

ခြောက်လက်မလောက်ရှိတဲ့ဓါးနဲ့ဆိုင်ကယ်လုယက်လူသတ်ခဲ့တဲ့တရားခံဟာ ဘယ်ညာကန့်လန့် သံခြေချင်းဒေါက်တွေနဲ့ တရားရုံးသွားနေရချိန်မှာ ဖားကန့်ဒေသမှာ အနည်းဆုံး တပတ်တယောက်လောက် မူးယစ်ဆေးဝါးနဲ့လူသတ်ခဲ့တဲ့ မူးယစ်ရာဇာ ဒေါ်ကိုင်ကတော့ ဇီမ်ခံကား လင်ခယူဇာ ဝစ်သောက်နဲ့ တရားရုံးရှေ့တော်မှောက်ကို အရောက်လာတရားရင်ဆိုင်ခွင့်ရခဲ့ပါတယ် ။


(ဆေးဆက်မသုံးနိုင်တော့လို့ သေဘို့စောင့်နေတဲ့ ပိုင်ရှင်မဲ့ဖိုးသမား)

ဒေါ်ကိုင်ရာ အချုပ်ထဲကနေ တရားမရင်ဆိုင်ရပေမဲ့ ပိုင်ရှင်မဲ့ ဖိုးသမားအလောင်းတွေကတော့ သုဿန်မှာ နေ့စဉ်မပြတ်ရောက်နေဆဲပါ ။အမေကိုင် အဖမ်းခံရတော့ စိတ်မခိုင်လို့ ငိုသူတွေထဲမှာ ဖိုးသမားတွေလည်း ပါဝင်ကြတယ် ။ တာဝန်ရှိသူ ဌာနဆိုင်ရာများနဲ့ မူးယစ်ဆေးစွဲသူများရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်သူ ဒေါ်ကိုင်ရာဟာ အချိန်တိုအတွင်းမှာပဲ တရားတဘောင် ကို အောင်မြင်စွာ ရင်ဆိုင်ပြီးသကာလ မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးရေး ဖြစ်တဲ့ မူလရာထူးတာဝန်များကို ဆက်လက်ထမ်းဆောင်နေလာတာ ဒီနေ့အချိန်ထိ ဆိုပါတော့ ။


(သုဿန်ဇရပ်ပေါ်မှာ အားပြတ်နေတဲ့ ဖိုးသမား)

ခုတော့ သူတို့ခေါ်တဲ့ အမေကိုင်ဟာ အခြေယိုင်မသွားတဲ့အပြင် ဆယ်ဇင်းကျေးရွာမှာ နေထိုင်လျှက် ၊ ယခင်အတိုင်း ဖားကန့်အတွက်မူးယစ်ဆေးဝါးတွေ ဖြန့်ကျက်ရောင်းဝယ်ဖောက်ကားနေလျှက်ပါပဲလို့ ဆယ်ဇင်းရွာသားတွေက ပြောကြပါတယ် ။အမေကိုင်ရဲ့ လက်ပွားတွေ ဖြစ်တဲ့ မသက်ရှည်လို မူးယစ်ရာဇာတွေလည်း အများအပြား ပေါ်ထွက်လို့ လာနေပါပြီ ။ပွင့်လင်းရာသီချိန်မှာ ရေမဆေးကျောက်ရှာသူ သုံးသိန်းကျော်လောက်ရှိတဲ့ မူးယစ်ဆေးလိုအပ်ချက် ဈေးကွက်ကြီးကို အချိန်ပြည့် ရောင်းဝယ်ဖောက်ကားနိုင်ဘို့ဆိုတာ မသက်ရှည်တို့လို နယ်ပိုင် မူးယစ်ရာဇာတွေလည်း အမြောက်အများ ထွက်ပေါ်လာတာဟာ မဆန်းပါဘူး ။



(ဆေးဆက်မသုံးနိုင်တော့လို့ သေဘို့စောင့်နေတဲ့ ပိုင်ရှင်မဲ့ဖိုးသမား)

ဖားကန့်ဒေသရဲ့ ခေတ်သစ်ခွန်ဆာ ဒေါ်ကိုင်ရာဟာ တရားတဘောင်ရင်ဆိုင်ပြီး နောက်ပိုင်း ဖားကန့်ဒေသရဲ့ မူးယစ်ဆေးဝါးဟာ အတားအဆီးမဲ့ အပြိုင်းအရိုင်း များပြားလာပါတော့တယ် ။အမေကိုင်တယောက် တရားတဘောင်ရင်ဆိုင်ခဲ့ရစဉ်က ကုန်ကျစရိတ်တွေ ကာမိအောင် အရောင်းမြှင့်တင်တာလား ၊ သုံးစွဲသူ လိုသလောက် ဈေးကွက်ကို အရောက်ပို့နိုင်ခဲ့တာလားတော့ မပြောတတ် ။ဖျတ်လတ်သန်မာထွားကြိုင်းသူ လူငယ်တွေဟာ မူးယစ်ဆေးဝါး သုံးစွဲမှ ခေတ်မှီတယ်လို့ အထင်ရောက်လာသည်အထိ မာကတ်တင်းဟာ အောင်မြင်နေပါပြီ ။


(ဆေးချပြီး လမ်းဆက်မလျှောက်နိုင်ပဲ ဆေးမှန်းနေတဲ့ ဖိုးသမား)

ကိုယ့်အိမ်ရှေ့ကိုထွက် တထောင်တန်တရွက်ကိုင်ပြီး လက်ယပ်ခေါ်လိုက်တာနဲ့ အဆင်သင့်ဘိန်းဖြူထည့်ထားတဲ့ ဆေးထိုးအပ်နဲ့ဆလင်းကို လက်ထဲအရောက်လာထည့်ပေးတဲ့ ဝန်ဆောင်မှုတွေ ဖားကန့်မှာ ရနေပြီ ။ ကွမ်းယာသည်ကို ကွမ်းတထုတ်လာပို့ပါလို့ လှမ်းအော်ရင် လာပို့ချင်မှ လာပို့မည် ။ တထောင်တရွက်ထောင်ပြလိုက်တာနဲ့ အဆင်သင့်အသုံးပြုနိုင်တဲ့ ဘိန်းဖြူနဲ့ ဆေးထိုးအပ်က သင့်ဆီကို မဆိုင်းမတွ ရောက်လာပြီ ။ဒီလိုဝန်ဆောင်မှုတွေ လွပ်လွပ်လပ်လပ်လုပ်နိုင်ဘို့ဆိုရင် 2016 ခုနှစ်ကလို တရက်သိန်းတရာ လိုင်းကြေးနဲ့ရပါ့အုံးမလား ။ဒါသည်ပင် ဖားကန့်ဒေသရဲ့ တရားဥပဒေ စိုးမိုးရေး ပြယုတ် ဟု ဆိုရာမည်ထင်၏ ။



(လူကြားကောင်းအောင် အသလွတ်ဖင်ခေါင်းကြယ်ပြတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးများရဲ့ ဟန်ပြအစည်းအဝေး)

အမတ်မင်းရဲ့အရေးကြီး အဆို လုပ်ကြံမည့် ဟွန်းသံနဲ့ကြိုဆိုခံရ….

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟာ ဖားကန့် မူးယစ်ဆေးဝါးကိစ္စ သက်ဆိုင်ရာ က ဖြေရှင်းပေးကြဘို့ ပြည်သူ့လွှတ်တော်မှာ အရေးကြီး အဆိုတင်တော့ ဖားကန့်တခွင်လုံး အုံးအုံးကြွက်ကြွက် ရုတ်တရက်ဖြစ်ခဲ့ပေမဲ့ လွှတ်တော်ပိတ်ရက် အိမ်ပြန်လာချိန်မှာတော့ လုပ်ကြံသတ်ဖြတ်ဘို့လို့ ယူဆရတဲ့သူ တချို့က အမတ်မင်းအိမ်အပေါက်ဝမှာ ဟွန်းတီးပြီး သတိပေးခံလိုက်ရပါတော့တယ် ။


တပ်ရင်း တပ်မတွေနဲ့ ရဲတပ်ရင်းတွေ ဘုံပေါလအော ရှိတဲ့အရပ်မှာ ပြည်သူ့လုံခြုံရေးဆိုတာဝေလာဝေး အမတ်လေးတဦးရဲ့အသက်တောင် ခြိမ်းခြောက်ရဲတဲ့ မူးယစ်ရာဇာတွေကို ဘယ်သူမှ မဖမ်းရဲကြတာလည်း ဒီနေ့အချိန်ထိပါပဲ ။ပြည်သူ့အစိုးရ ဆိုတာ တကယ့်ပြည်သူ့အစိုးရအစစ်ကြီးပါ ။ဘာကြောင့်လည်း ဆိုတော့ အစိုးရဘက်မှာ ပြည်သူပဲ ရှိတာပါ ။ဘယ်လက်နက်ကိုင်မှ မရှိဘူးဆိုတာ ” အမတ်မင်းသေသွားချင်သလား ” လို့ အဓိပ္ပါယ်ရတဲ့ အိမ်ရှေ့က ဟွန်းသံ သုံးချက် သက်သေပြနေပါတယ် ။


(လုံးခင်းကျေးရွာအနီးက မူးယစ်ဆေးဝါး အရောင်းဈေးတန်းအားတွေ့ရစဉ်)

ဒါနဲ့ စကားမစပ် ဖားကန့်မှာ မူးယစ်ဆေးဝါး အဖမ်းအဆီးကြမ်းတဲ့ ဒုရဲမှူး ဝါဝါကြွယ်တို့ ၊ ရဲအုပ် ထန်းနိမ်တို့ ၊ ရဲအုပ် ခင်ဇော်တို့ကို ကချင်ပြည်နယ် လို မူးယစ်ဆေးဝါး ပေါတဲ့ ဒေသမှာ ပြန်လည်နေရာချထားပေးရန် တောင်းဆိုသွားမယ်ဆိုတဲ့ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလက ဖားကန့် ငှက်ပျောတော ရပ်ကွက် ဥရုရတာနာခန်းမမှာ ပြည်နယ် ဥပဒေချုပ်ကြီး ဦးဒီဆင်ရမ် ပြောတာလေးကို ခုထိ အမှတ်ရနေဆဲပါ ။ခုတော့ ဥပဒေချုပ်ကြီးပြောခါမှ မူးယစ်ရာဇာတွေက အထက်ကိုငွေပေးပြီး ချောင်ပိတ်လိုက်ပြီလားမပြောတတ်ပါ ။



(အစားအသောက်မစားရသည့် ဖိုးသမားများကို ဆယ်ဇင်းကျေးရွာ ဘုန်းတော်ကြီးမှ ထမင်းဟင်းများ ချက်ပြုတ်ပြီး ကြွေးမွေးနေစဉ်)



(အစားအသောက်မစားရသည့် ဖိုးသမားများကို ဆယ်ဇင်းကျေးရွာ ဘုန်းတော်ကြီးမှ ထမင်းဟင်းများ ချက်ပြုတ်ပြီး ကြွေးမွေးနေစဉ်)

ပြည်သူကိုယ်စား ပြည်သူ့အစိုးရကြီးကို တောင်းဆိုပါရစေ ။ကချင်ပြည်နယ် ဖားကန့်ဒေသက မူးယစ်ဆေးဝါးပြဿနာကို နိုင်သလောက်ကလေးတော့ ဖြေရှင်းပေးစေလိုပါတယ် ။ပြည်သူတွေမှာလည်း အစိုးရကိုပဲ တောင်းဆိုစရာရှိနေတာပါ ။ ပြည်သူအော်နေယုံတော့မရတော့ပါ ။ပြည်သူ့ကိုယ်စားလှယ်များ ပြည်သူ့ဝန်ကြီးချုပ်များ ပြည်သူကို ငဲ့ညှာသနားသော အားဖြင့် နိုင်သလောက်ကလေးတော့ ဖြေရှင်းပေးစေလိုပါတယ် ။

ဇော်မိုးထက် (ဖားကန့် )

Photo -ကိုယ်တိုင်ရိုက်တချို့နှင့်ဖားကန့်တခွင်မှ CJများက ရိုက်ကူးပေးပို့သည့်ပုံများ ဖားကန့်ဒေသခံ Facebook အကောင့်ပိုင်ရှင်များထံမှ ပုံများ ဖြစ်ပါတယ် ။

Post a Comment

Previous Post Next Post