“ကိုဗစ်ကာလမှာတော့ သက်ငယ်စကား သက်ကြီးကြားပေါ့။ စိုင်းစိုင်းတို့၊ ပြေတီဦးတို့၊ အိန္ဒြာကျော်ဇင်တို့ ပြောသလို အိမ်မှာနေပါဆိုလို့ အိမ်မှာပဲနေပါတယ်။ ကျန်းမာရေးအခြေအနေက သွေးချို၊ ဆီးချိုနဲ့ နှလုံးသွေး ကြောကျဉ်းတာပေါ့။ ပြီးတော့ သွေးတိုးလည်းရှိတယ်။ နောက် ကျောက်ကပ်ကလည်း တစ်လုံးပဲရှိတယ်။ ရွှေတိဂုံဘုရားမှာ ချော်လဲတော့ ကျောက်ကပ်တစ်လုံးထိသွားလို့ ထုတ်လိုက်ရတယ်။ သည်းခြေမှာလည်း ကျောက်တည်တယ်လို့ပြောတယ်။ ရောဂါကတော့ စုံနေတာပဲ။ ကိုယ်က ဂရုတစိုက်နဲ့ ဆင်ခြင်ပြီးနေလို့ပေါ့။ မဟုတ်ရင် မလွယ်ဘူး။


ကျောက်ကပ်တစ်လုံးပဲ ရှိပေမယ့် ဘာမှတော့ မခံစားရဘူး။ အဲဒါကိုပဲ ဂရုစိုက်နေရတာပေါ့။ ယိုးဒယားမဲဆောက် က ဆရာဝန်ပေးတဲ့ဆေးက အဲဒီကျောက်ကပ်နဲ့ ပတ်သက် တဲ့ ဆေးပေါ့။ ဖောတာ၊ ယောင်တာမဖြစ်ဘူး။ ကျောက်ကပ်ထုတ်တာလည်း ယိုးဒယားမှာပဲ ထုတ်ခဲ့တာ။ ကျောက်ကပ်တစ်လုံးတည်းနဲ့ ဂရုတစိုက် ဆင်ခြင်ပြီးနေမယ်ဆိုရင် သက်တမ်းစေ့ နေနိုင်မယ်လို့ ပြောတော့ ကိုယ်လည်း ဆင်ခြင်ပြီးနေရတာပေါ့။ ဟိုတလောက ဆေးတစ်မျိုးကြောင့် ကျောက်ကပ်လာထိတယ်ထင်တယ်။ ခြေထောက်နည်းနည်း ယောင်လာတယ်။ ဆရာဝန်ကို ချက်ချင်းပြန်ပြတော့ ဆေးတွေစစ်ပြီး ဒီဆေးကြောင့် ဒီလိုဖြစ်တာ ဒီဆေးဖယ်လိုက်တော့ဆိုပြီး ဆေးတစ်မျိုး လျှော့လိုက်တယ်။ ဆေးဖိုးကတော့ တစ်ခါတစ်ခါဝယ်ရင် သိန်းကျော်တာပေါ့။ ဆေးရုံပြမယ်ဆိုရင် တစ်ရက်ကြိုပြီး သွေးဖောက်ရတယ်။ သွေးက ငါးမျိုးဖောက်ရတယ်။ ဆီးစစ်၊ သွေးစစ်၊ ဝမ်းစစ်ပေါ့။ ဓာတ်ခွဲရတာ ဓာတ်ခွဲခန်းခကလည်း သိန်းကျော်ကျတယ်။ ECG ဆွဲတာနဲ့ လိုအပ်ရင် ဓာတ်မှန်ရိုက်ရတာတို့တွေက တစ်ရက်ကြိုလုပ်ရတာပေါ့။ကြော်ငြာရိုက်ဖြစ်တာက ဖြူဖြူထွေးနဲ့ပါ။ ကလေးမလေးက မဆိုးပါဘူး။ သူ့ဟာသူဇာတ်ညွှန်းရေးလာတာ၊ ဒါလေးအဆင်ပြေလားဆိုတော့ ပြေပါတယ်ပေါ့။ ဒီတစ်ခါပဲတွေ့ဖူးပါတယ်။ ချစ်စရာလေးပါ။



 ဘဘကို အနုပညာကြေး ဘယ်လောက်ပေးရမလဲ မေးပါတယ်။ ကြိုက်သလိုသာ ကန်တော့ပါလို့။ သူက ဒီလိုပဲ ဇာတ်ပို့ဇာတ်ရံတွေ အားလုံးကို ခေါ်ရိုက်ပေးနေတာထင်ပါတယ်။ ကိုယ်လည်း ပါသွားတာပေါ့။ ငွေနှစ်သိန်း ကန်တော့လိုက်တယ်၊ ပြီးတော့ ဆန်တွေ၊ ဆီတွေနဲ့ လိမ်းဆေးတွေရောပါတယ်။ သူ့စေတနာမေတ္တာလေးက မဆိုးပါဘူး၊ ကောင်းပါတယ်။ သူလေးက ကံကောင်းနေတယ်လို့ပြောရမယ်။ သူလုပ်တတ်သလောက်လေးကင်မရာဆိုလည်း သူလိုချင်တဲ့ပုံမျိုးကို သူ့အစ်မက ဖုန်းလေးနဲ့ပဲ ရိုက်တာ။ စက်အဖွဲ့တွေဘာတွေလို လူအများကြီးလည်း မလိုဘူး။ ငါးယောက်ထပ်လည်းမပိုဘူး။ ကျဉ်းကျဉ်းလေးပဲ။ သူဒီလိုလေးတွေလုပ်ပေးတာ ကုသိုလ်အရမ်းရပါတယ်။ အကုန်လုံးကလည်း သူ့ကို မေတ္တာထားကြပါတယ်။ သူလည်း သူလုပ်တတ်သလောက်လေးနဲ့ လုပ်နေတာ အကျိုးပေးတယ်လို့ ပြောရမှာပေါ့။ ဘဘတို့သူ့အိမ်မှာ ထမင်းစားနေတုန်းက သူ့ကို အလုပ်လာအပ်တာတွေ အများကြီးပဲ။ Online ကြော်ငြာလေးတွေပေါ့။ သူလုပ်တာလေးတွေက ခေတ်အချိန်အခါနဲ့ သွားပြီး ကိုက်ညီ နေတာပေါ့။ လူငယ်တွေရဲ့သဘာဝက ဒါပါပဲ။ ဖြစ်ပေါ်နေတဲ့ အချိန်အခါကို လိုက်လျောညီထွေဖြစ်အောင် လုပ်တတ်ဖို့က လိုတာပေါ့။




လူတိုင်းကို မဆိုလိုပေမယ့် သူကလုပ်တတ်နေတာပေါ့။ သူ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုလေးတွေ ခေါ်လုပ်ပေးတဲ့အတွက်ပေါ့။ သူကလည်း အားလုံးကို ရိုရိုကျိုးကျိုးရှိပါတယ်။ ကျွန်တော်တို့ အနုပညာသမားတွေဆိုတာ လာကမ်းလှမ်းရင် တော့ လုပ်ချင်ပါတယ်။ သင့်လျော်တဲ့နေရာခိုင်းလို့ လုပ်ရရင်ကို ကျေနပ်နေတာပါ” ဆိုပြီး အနုပညာလောကမှာ ဟာသမျိုးစုံ၊ ဒရာမာ တစ်ဖုံ သရုပ်ဆောင်လာပြီး အသက်အရွယ်ရလာတဲ့အမျှ ကျန်းမာရေးအခြေအနေကြောင့်ရော၊ ကိုဗစ်ကာလမှာပါ အနုပညာအလုပ်တွေ နားနေရပေမယ့် သက်တောင့်သက်သာ ကြော်ငြာလေးအတွက် လာကမ်းလှမ်းတဲ့ ဖြူဖြူထွေးရဲ့ ချစ်စရာကောင်းပြီး ရိုကျိုးတဲ့ အပြုအမူ၊ ခေတ်နဲ့အညီ လုပ်တတ်၊ ကိုင်တတ်ရှိပုံတွေကို 8days TV ပရိသတ်ကြီးအတွက် ဦးမိုးဒီက ပြောပြခဲ့ပါတယ်။

Post a Comment

Previous Post Next Post